မန္တလေး၊ နိုဝင်ဘာ ၈
လူငယ် ၆ ဦးအဖွဲ့က ဆိုင်ကယ်စီးလာသူနှစ်ဦးကို ဓါးနဲ့ အတင်းဝင်ခုတ်ပြီး အဆိုပါ ဆိုင်ကယ်ကို လုယက်ခဲ့သည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၅ ရက်၊ ညပိုင်းအချိန်က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံကသိရသည်။
နိုဝင်ဘာ( ၅)ရက်ညပိုင်း ၁ဝ နာရီအချိန်ခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်၊ ၁၂၆ လမ်းနှင့် ၅၃ လမ်းတွင် CZI ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးအား လူငယ် ၆ ဦးပါအဖွဲ့က ဓါးဖြင့်ဝိုင်းခုတ်ပြီး ဆိုင်ကယ်ကိုအတင်းလုယက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သို့သော်လည်း လုယက်နေချိန်တွင် ရပ်ကွက်နေပြည်သူများက သိရှိပြီး ဝိုင်းအုံလာခဲ့သည့်အတွက် လုယက်သည့် လူငယ်အဖွဲက ဖြစ်စဉ်ဖြစ်ပွားရာနေရာမှ အလျင်အမြန်ထွက်ပြေးသွားခဲ့ကြပြီး လုယက်ခံရတဲ့ ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးကတော့ ထိခိုက်ဒဏ်ရာများ ကိုယ်စီရရှိခဲ့ကြတာပါ။
"ဆိုင်ကယ်ကိုလုရင်းနဲ့ ဓါးနဲ့ခုတ်ကြတာ။ ရပ်ကွက်ထဲကလူတွေထွက်လာတော့ လုယက်သူတွေ ပြေးသွားကြတယ်။ ဆိုင်ကယ်ပိုင်ရှင်က မောင်းလာတယ်။ လုယက်ခံရတဲ့အချိန်မှာ သူက လက်နဲ့ကာလိုက်တော့ တံဒေါင်ကို ထိသွားတယ်။ အဲ့ကနေ လုယက်သူတွေက ဓါးနဲ့ဝိုင်းထိုးတာပေါ့၊ တစ် ယောက်က ပြေးတယ်။ လက်လေး နည်းနည်း ချုပ်ရတဲ့ဒဏ်ရာ ရတယ်။နောက်တစ်ယောက်က ပြန်ခုခံလိုက်တဲ့ အခါကျတော့ သူ့နောက်ကျောကိုလည်း ဓါးနဲ့ထိုးသွင်း ဒဏ်ရာရသွားတယ်၊ လက်မှာလည်းထိုးသွင်းတဲ့ ဓါးဒဏ်ရာရခဲ့တာ တွေ့ရပါတယ်။"လို့ မန္တလေးမြို့ အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။
လက်ရှိကာလမှာ မန္တလေးမြို့ပေါ်တွင် ခိုးဆိုးလုယက်မှုများ တအားပေါများနေပြီး ညဘက်တွင်သာမက နေ့ခင်းဘက်များမှာပါ လုယက်မှုတွေရှိနေတာဖြစ်တယ်လို သိရပါတယ်။
အသက်မပြည့်သည့် လူငယ်များဖြင့် ဖွဲစည်းထားတဲ့ ဂိုဏ်းတစ်ခုဖြစ်ပြီး ယင်းဂိုဏ်းက မန္တ လေးမြိုပေါ်မှာ ယခု နောက်ပိုင်းကာလများတွင် အတင့်ပိုရဲလာပြီး လူယက်မှုတွေကို ဆက်တိုက်ကျုးလွန်နေတာဖြစ်တယ်လိုလည်း မြိုနေဒေသခံများထံမှ သိရပါတယ်။
"ဒီကောင်တွေက လူငယ်တွေချည်းပဲ စုဖွဲထားတဲ့ဂိုဏ်း ပေါ့၊ မနေ့ညကဆိုရင် လုယက်မှုက တစ်ညထဲတင် (၃) မှု လောက်ဖြစ်တယ်။ သူတိုက အသက်လည်းမပြည့်ကြဘူး၊ အခု နောက်ပိုင်းကျ ဘယ်လိုဖြစ်လဲဆိုတော့ နေ့ရောညပါမရှောင်ဘူး လုယက်လာကြတယ်။ရဲက မိတော့လည်း အသက်ရွယ်မပြည့်တဲ့ကောင်တွေချည်းပဲ ကလေးတွေချည်းပဲဆိုတော့ ဖမ်းတော့လည်း တရားရုံးစရိတ်ကုန်တာပဲ အဖတ်တင်တာပေါ့။ အသက်မှမပြည့်တာ မိတော့လည်း ကလေးသူငယ်တရားရုံးနဲ့ အမိန့်ချတယ်။ လေ့ကျင့်ရေးကျောင်း ရောက်တယ် ပြန်လာတယ်။ ဘယ်လောက်အရေးယူယူ အဆင်မပြေဘူးလေ၊ ဒီကောင်တွေကတော့ ဆိုးသွမ်းနေတာပဲ၊ အဲ့ဒါကြောင့် သူတို့လုယက်တဲ့ဂိုဏ်းကြီးက မြို့ပေါ်မှာကြီးဆိုးနေတာပေါ့။ လွတ်လာလိုက် ပြန်လုလိုက်နဲ့ နေ့စဉ်နဲ့အမျှ ကျုးလွန်နေကြတာ။"လို မန္တလေးမြို့ခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ဒါ့ကြောင့်လည်း မန္တလေးမြို့နေ ပြည်သူများအနေနဲ့ ညပိုင်းအပြင်ထွက်ပါက အထူးဂရုပြုသွားလာကြဖို့ကိုလည်း မန္တလေးမြို့အခြေစိုက် လူမှုကူညီရေးအသင်းများက အသိပေးနှိးဆော်ထားကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment