ဂျိုဟန်နက်စ်ဘတ် ၊ ဒီဇင်ဘာ ၁၃
တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa သည် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ရောဂါလက္ခဏာမပြင်းထန်သော COVID-19 ရောဂါအတွက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သမ္မတရုံးက ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားပြီးသော သမ္မတ Ramaphosa သည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ကိပ်တောင်းမြို့၌ကျင်းပပြုလုပ်သည့် ကွယ်လွန်သူ ယခင် ဒုတိယသမ္မတဟောင်း FW de Klerk အတွက် နိုင်ငံတော်အောက်မေ့ဖွယ် ဆုတောင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီးနောက် ပြန်လည်ထွက်ခွာလာစဉ် နေထိုင်မကောင်းခြင်း မအီမသာ ဝေဒနာကို စတင်ခံစားခဲ့ရခြင်းဖြစ်သည်။
သမ္မတ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်စွာရှိနေသော်လည်း တောင်အာဖရိကအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ စစ်တပ်ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အောက်တွင် အနီးကပ်စောင့်ကြည့် ကုသမှုပေးထားကြောင်း သိရသည်။
သမ္မတ Ramaphosa သည် ကိပ်တောင်းမြို့၌ တစ်ဦးတည်း သီးခြားခွဲ နေထိုင်နေပြီး လာမည့်ရက်သတ္တပတ်အထိ ၎င်း၏လုပ်ငန်းတာဝန်များအားလုံးကို ဒုတိယသမ္မတ David Mabuza ထံသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။
သမ္မတ Ramaphosa သည် နိုင်ဂျီးရီးယား ၊ အိုင်ဗရီကိုစ့် ၊ ဂါနာ နှင့် ဆီနီဂေါ အပါအဝင် အာဖရိကတိုက်အတွင်းရှိ နိုင်ငံ ၄ နိုင်ငံသို့ ၎င်း၏ အလည်အပတ်ခရီးစဉ် သွားရောက်မှု ပြီးဆုံးခါစပင်ရှိသေးသည်။ သမ္မတက ၎င်း နှင့် ၎င်း၏တောင်အာဖရိကအစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အလည်အပတ် သွားရောက်ခဲ့သည့်နိုင်ငံတိုင်းတွင် COVID-19 ရောဂါစစ်ဆေးမှုခံယူခဲ့ကြောင်း ဆိုသည်။ ဒီဇင်ဘာ ၈ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့သို့ ပြန်လည်ရောက်ရှိစဉ် COVID-19 ရောဂါစစ်ဆေးရာတွင်လည်း သမ္မတ၌ ရောဂါမရှိကြောင်း(negative) သိရသည်။
သမ္မတက ၎င်းကိုယ်တိုင် ရောဂါကူးစက်ခံရခြင်းအတွက် တောင်အာဖရိကနိုင်ငံအတွင်းရှိ ပြည်သူများအားလုံးအနေဖြင့် ကာကွယ်ဆေးထိုးနှံမှု အပြည့်အဝခံယူကြရန် နှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု မဖြစ်ပွားအောင် ဂရုစိုက်နေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ပုံစာ- တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယား၌ ၂၀၂၀ ပြည့်နှစ် ဇွန် ၁၇ ရက်က ပြုလုပ်သော ကိုဗစ်-၁၉ တိုက်ဖျက်ရေးဆိုင်ရာ တရုတ်-အာဖရိက အထူးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသော တောင်အာဖရိကသမ္မတ Cyril Ramaphosa အားတွေ့ရစဉ်
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment