မော်စကို၊ ဒီဇင်ဘာ ၂၅
ရုရှားနိုင်ငံသည် ဒီဇင်ဘာ ၂၄ ရက် နံနက်အစောပိုင်းက Tirkon အသံထက်မြန်သော ဒုံးကျည်များကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ယင်းနေ့တွင် ကြေညာခဲ့သည်။
"Tsirkon ရဲ့ အသံထက်မြန်တဲ့ စနစ်နဲ့ဒုံးကျည်ကို မနေ့ညက တစ်ပြိုင်နက် ပစ်လွှတ်တင်ခဲ့တာ၊ ဒီမနက်မှာတော့ ကွက်တိပါပဲ’’ ဟု နိုင်ငံတော်ကောင်စီနှင့် သိပ္ပံနှင့် ပညာရေးကောင်စီတို့၏ ပူးတွဲအစည်းအဝေးတွင် သမ္မတ၏ပြောကြားချက်အား ကိုးကား၍ RIA Novosti သတင်းဌာနက ဖော်ပြခဲ့သည်။
“ဒါဟာ ရေတပ်နဲ့ မြေပြင်ပစ်မှတ်တွေကို ပစ်နိုင်တဲ့ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် ဒုံးကျည်ပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ဒီစမ်းသပ်မှုတွေကို အနှောင့်အယှက်မရှိဘဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံအတွက် ကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး ရုရှားရဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ ရည်ရွယ်ပြီး နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုပါ” ဟု ပူတင်က ပြောကြားခဲ့သည်။
ယင်းအသံထက်မြန်သော ဒုံးကျည်စနစ်တွင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော တီထွင်သူများ၊ အင်ဂျင်နီယာများနှင့် ဒီဇိုင်နာများအား ဂုဏ်ယူ၊ ကျေးဇူးတင်ကြောင်း ပူတင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းဒုံးကျည်စမ်းသပ်မှုမှာ ပြီးစီးလုနီးနေပြီဖြစ်ပြီး လာမည့်နှစ်တွင် ရေတပ်တွင် တပ်ဆင်ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာလအစောပိုင်းတွင် ပူတင်က ပြောကြားခဲ့သည်။
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment