ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Agent ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ နိဂုံးချုပ်မိန့်ခွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Agent ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ နိဂုံးချုပ်မိန့်ခွန်း


(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ သည်ဟိဂ်မြို့)

ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျာ၊

၁။      မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေကြီးများအနေနဲ့ တရားရုံးရဲ့ရှေ့မှောက်မှာ ၎င်းတို့ရဲ့လျှောက်လဲချက်အသီးသီးကို တာဝန်ကျေပွန်စွာနဲ့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ အမှုတွဲရောက်ရှိနေတဲ့ အဆင့်ကတော့ တရားရုံးမှ တရားစီရင်ပိုင်ခွင့်နှင့် ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုပိုင်ခွင့် ရှိ/မရှိနှင့် သက်ဆိုင်တဲ့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များသာဖြစ်ပြီးတော့ အဆိုပါကိစ္စများအပေါ်တွင်သာ မိမိတို့အနေနဲ့ အလေးထား လျှောက်လဲခဲ့ခြင်း ဖြစ်ပါတယ်။ မိမိတို့အနေဖြင့် ပင်မအမှု (merits)နှင့်ဆိုင်တဲ့ အကြောင်းခြင်းရာများကို ရှောင်ရှား၍ လျှောက်လဲခဲ့တာဖြစ်ပါတယ်။

၂။       ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဂမ်ဘီယာဘက်က ရှေ့နေကြီးများကတော့ဖြင့် ကနဦးကန့်ကွက်လွှာ ကြားနာပွဲနဲ့ သက်ဆိုင်ဆီလျှော်မှုမရှိတဲ့ အချက်အလက်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်လျှောက်လဲခဲ့တာကို တွေ့ရပါတယ်။ ထိုသို့သော လျှောက်လဲချက်များဟာ တရားရုံးတော်ဥပဒေအရ ယခုတရားရင်ဆိုင်မှုအဆင့်မှာ လျော်ကန်သင့်မြတ်နေခြင်း မရှိပါဘူး။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါစွပ်စွဲချက်များအပေါ် တုံ့ပြန်သွားရမည့် ကာလံဒေသံမဟုတ်တာကြောင့် တုံ့ပြန်ပြောဆိုသွားမှာ မဟုတ်ပါဘူး။ မိမိတို့အနေနဲ့ တရားရုံးတော်သို့ ဦးတည်ရည်ရွယ်၍ တင်ပြခြင်းမဟုတ်ဘဲ ယခု The Great Hall ခန်းမကြီးရဲ့ အပြင်ဘက်ဆီက ပရိသတ်များကို ရည်ရွယ်သည့် ရှင်းလင်းပြောကြားချက်များအား လျှောက်လဲ၍ တရားရုံးရုံးတော်ရဲ့ တန်ဖိုးရှိလှသောအချိန်ကို အဆုံးရှုံးခံစေမှာ မဟုတ်ပါဘူး။ မိမိနားလည်ထားတာကတော့ ထိုစွပ်စွဲချက်များကတော့ဖြင့် တရားရုံးအနေနဲ့ ပင်မအမှု (merits)ကို ဆက်လက်တရားစီရင်ပိုင်ခွင့် ရှိ မရှိကို မဆုံးဖြတ်ရသေးမီ မြန်မာနိုင်ငံအား လူမျိုးသုဉ်းစေမှုကို ကျူးလွန်သူများအဖြစ် ဂုဏ်သရေရှိတရားသူကြီးများနှင့် အများပြည်သူတို့ ယူဆလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဂမ်ဘီယာဘက်က ရှေ့နေကြီးများဟာ တရားရုံးအနေဖြင့် ကြားဖြတ်စီမံ ဆောင်ရွက်ချက်အမိန့် (Provisional Measures Order)ချမှတ်ခဲ့စဉ်က မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်ချက်တွေကို ငြင်းဆိုပြီးဖြစ်လို့ ခုမြန်မာအစိုးရက တင်သွင်းတဲ့ ကနဦးကန့်ကွက်ချက်များကို အလေးအနက်ထား စဉ်းစားနေရန်မလိုကြောင်း လျှောက်လဲခဲ့ပါတယ်။

၃။      ပထမဦးစွာ မိမိအနေနဲ့ လျှောက်လဲချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ တရားရုံးဆုံးဖြတ်ချက် အပိုဒ် (၈၅)အရ မိမိတို့ရပိုင်ခွင့်အား အသုံးချ၍ ကနဦးကန့်ကွက်လွှာ တင်သွင်းရခြင်းဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ကနဦးကန့်ကွက်လွှာအဆင့်တွင် ပင်မအမှု (merits)နှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ခြင်းမျိုး မပြုသင့်ပေ။ ပင်မအမှု (merits)ရဲ့ မည်သည့်အဆင့်တွင်မဆို ဂမ်ဘီယာနိုင်ငံဟာ လျှောက်ထားသူအနေဖြင့် ၎င်းတို့၏ လျှောက်လဲချက်များကို သက်သေပြရမယ့်ဝတ္တရား ရှိပါတယ်။ သို့သော် ယခုအချိန်ဟာဆိုရင်ဖြင့် ယင်းဝတ္တရားကို ​ဆောင်ရွက်ရမယ့်အချိန်၊ ဆောင်ရွက်နိုင်သည့် အခြေအနေ မဟုတ်သေးပါဘူး။ အဘယ်ကြောင့်ဆိုသော် ယနေ့အချိန်အထိ ဂမ်ဘီယာ၏ စွပ်စွဲချက်များကို တရားရုံးတော်ရှေ့မှောက်တွင် လက်ခံကြားနာနိုင်ခွင့် (သို့မဟုတ်) ၎င်းတို့၏ စွပ်စွဲပြောဆိုချက်များကို သက်သေပြနိုင်ခွင့် မရှိသေးပါဘူး။ ထိုသို့သောအခြေအနေမျိုးမှာ ဂမ်ဘီယာအနေနဲ့ ယခုကဲ့သို့ လုပ်ဆောင်ရန်မသင့်ပါဘူး။

၄။      သို့သော်လည်း ဂမ်ဘီယာဟာ ပင်မအမှု (merits)နဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို လျှောက်လဲ၍ ယခုကြားနာပွဲအား ကြားခံ (Platform)တစ်ခုအနေဖြင့် အသုံးချနေမှုအပေါ် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်(Agent)အနေဖြင့် လုံးဝတုံ့ပြန်ခြင်းမပြုဘဲ တရားရုံးတော်၌ နှုတ်ဆိတ်နေနိုင်မှာ မဟုတ်ပါဘူး။ မိမိရဲ့နိဂုံးချုပ်မိန့်ခွန်းတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေမှန်များနဲ့ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို လိုက်နာရေး ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံ၏ ကတိကဝတ်ပြု ဆောင်ရွက်နေမှုများကို အနည်းငယ် ရှင်းလင်းပြောကြားလိုပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို လေးစားလိုက်နာလျက်ရှိကြောင်း ပြောကြားလိုပါတယ်။ ဥပမာအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံဟာ လူမျိုးသုဉ်း ပြစ်မှုကျူးလွန်မှုများနှင့် ကျူးလွန်သူများကို အပြစ်ပေးနိုင်ရေး၊ တရားစီရင်နိုင်ရေးတို့အတွက် ပုဒ်မများ ဖြည့်စွက်ကာ ရာဇသတ်ကြီးနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအား ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ တာဝန်ယူမှုရှိတဲ့ နိုင်ငံတစ်ခုအနေဖြင့် တရားရုံးရဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်အမိန့် (Provisional Measures Order) ကိုလည်း လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

၅။      မြေပြင်အခြေအနေများကို တိုးတက်ကောင်းမွန်စေရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ဟာဆိုရင်ဖြင့် အထိုက်အလျောက် တည်ငြိမ်လျက်ရှိပြီး အကြမ်းဖက်မှုဖြစ်စဉ်များ ကြီးကြီးမားမားမရှိဘဲ ငြိမ်းချမ်းလျက်ရှိပါတယ်။

၆။      မြန်မာနိုင်ငံရဲ့ နောက်ဆုံးတင်ပြချက် ဖတ်ကြားမှုကို နိဂုံးမချုပ်မီ ကျွန်တော့်အနေနဲ့ တင်ပြခဲ့ပြီးတဲ့ ချေပလျှောက်လဲချက်များအပေါ် တရားရုံးအနေနဲ့ ဂရုတစိုက် စိတ်ရှည်စွာ အာရုံစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ယခုကြားနာပွဲကို ချောချောမောမောနဲ့ ထိရောက်စွာ ကျင်းပနိုင်ခဲ့တဲ့ မော်ကွန်းထိန်း (Registrar) နဲ့ ၎င်း၏ဝန်ထမ်းများအပါအဝင် ဘာသာပြန်ဆိုသူများကိုလည်း ကျေးဇူးတင်ရှိပါတယ်။

၇။      တရားရုံး စည်းမျဉ်းများရဲ့ စာပိုဒ် ၂ ၊ ပုဒ်မ ၆၀ နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ နောက်ဆုံးတင်ပြချက်ကို ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

“မြန်မာနိုင်ငံ၏ စာဖြင့်ပေးပို့ခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့် ကနဦး ကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင် တင်ပြခဲ့သည့် နှုတ်ဖြင့်လျှောက်လဲချက်များတွင် ပါရှိသောအကြောင်း ခြင်းရာများနှင့် တရားရုံးက သင့်လျော်သည်ဟု ဆုံးဖြတ်သော အခြားသောအကြောင်း ခြင်းရာများကြောင့် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးအား

(၁)     ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့်အမှုအပေါ် တရားရုံးကစီရင်ပိုင်ခွင့် မရှိကြောင်းနှင့်/ သို့မဟုတ်၊

(၂)     ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးပါရန်”


ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌနှင့် ဂုဏ်သရေရှိ တရားသူကြီးမင်းများခင်ဗျား၊


၈။      ကနဦးကန့်ကွက်လွှာဆိုင်ရာ ယခုကြားနာပွဲတွင် မြန်မာနိုင်ငံ၏ချေပမှုများကို ဤမျှဖြင့် နိဂုံးချုပ်အပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)