MNP - ဖေဖော်ဝါရီ ၁၇
(၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့ အခမ်းအနားကို၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မွန်ဓမ္မာရုံကြီးတွင် ယမန်နေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ မွန်အမျိုးသား အလံတင်ခြင်းနှင့် အလံတော်အလေးပြုခြင်းကို အခမ်းအနားတက်ရောက်ကြသည့် မွန်တိုင်းရင်းသားပြည်သူများဖြင့် ဆောင်ရွက်သည်။ မွန်အမျိုးသားနေ့အခမ်းအနားကို ကျင်းပရာတွင် သဘာပတိ နိုင်ချိန်ဟုတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ငွေနှင့် ကျင်းပရေးကော်မတီဝင် နိုင်မွန်ဂျစ်၊ နိုင်မွန်ကျော်သိန်းနှင့် မွန်လူငယ် ကိုယ်စားလှယ် မင်းနန္ဒက စိန်ရတုမွန်အမျိုးသားနေ့ ဂုဏ်ပြုစကားပြောကြားသည်။
ထိုနောက် (၇၅)နှစ်မြောက် မွန်အမျိုးသားနေ့(ဗဟို)မှကျင်းပသည့် မွန်စာပေကဗျာ၊ ဆောင်းပါးပြိုင်ပွဲမှ ဆုရရှိသူများကိုလည်းကောင်း၊ နွေရာသီမွန်စာပေသင်ကျောင်းမှ မြို့နယ်အဆင့် ဆုရရှိကြသူများနှင့် အခြေခံပညာကျောင်းများမှ မွန်တိုင်းရင်းသားစာပေစာမေးပွဲတွင် မြို့နယ်အဆင့် ဆုရရှိကြသူများအား ကျင်းပရေးကော်မတီဝင်များမှ ဆုများချီးမြှင့်ကာ မွန်အမျိုးသားနေ့အခမ်းအနားအတွက် ပံ့ပိုးအလှူရှင်များကို ဂုဏ်ပြုလွှာများပေးအပ်ပြီးနောက် မွန်ရိုးရာ အဆို၊ အကများဖြင့် ဖျော်ဖြေတင် ဆက်သည်။
မွန်တိုင်းရင်းသားများ၏ အလေးအမြတ်ထားသည့် မွန်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်တပို့တွဲလပြည့်ကျော် (၁)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။
သတင်း - အေးအေးမွန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment