ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများ အား အဟာရဖြည့်စွက် အစားအစာများထောက်ပံ့၊ ဘားအံမွေးမြူရေး ဇုန်အားကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများ အား အဟာရဖြည့်စွက် အစားအစာများထောက်ပံ့၊ ဘားအံမွေးမြူရေး ဇုန်အားကြည့်ရှုစစ်ဆေး




MNP - ဖေဖော်ဝါရီ    ၅

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြည်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသော အမှတ်(၂)တပ်မတော် ဆေးရုံကုတင်(၁၀၀)သို့ ယမန်နေ့ နံနက် ၁၀ နာရီခန့်က သွားရောက်၍ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး အဟာရ ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၂)တပ်မတော် ဆေးရုံကုတင်(၁၀၀)၌ တက်ရောက်ကုသမှု ခံယူနေကြသော တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ရဲမေများ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ဒေသများမှ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက် ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားရာ အမှတ်(၂)တပ်မ တော်ဆေးရုံကုတင်(၁၀၀) တပ်မှူးဗိုလ်မှူး ဘိုဘိုဝင်းနှင့် တာဝန်ရှိသူများက လူနာများ၏အခြေအနေများကို တစ်ဦးချင်း ရှင်းလင်းပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒုတိယတပ်မမှူးတို့က ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ စုစုပေါင်း ၁၀၅ ဦးအား အဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၂)တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူး၊ သူနာပြုနှင့် အကူဝန်ထမ်းများ စုစုပေါင်း ၈၆ ဦး အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို တပ်မှူးဗိုလ်မှူးဘိုဘိုဝင်းထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံအဝင်လမ်းအား ယခင် ၁၂ ပေအကျယ်လမ်းမှ ပေ ၂၀ အကျယ်သို့ တိုးချဲ့ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးလုပ်ငန်းများ မှတစ်ဆင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ရည်မှန်းဖော်ဆောင်လျက်ရှိသော စက်မှုဇုန်အနီးရှိ ဘားအံမွေးမြူရေး ဇုန်ဖော်ထုတ်ပြီးစီးမှု အခြေအနေများနှင့် မွေးမြူရေး လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဇုန်အတွင်းမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြေနေရာရယူထားကြသည့် မွေးမြူရေး တောင်သူများနှင့် တွေ့ဆုံပြီး မွေးမြူရေး လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဘားအံမွေးမြူရေး ဇုန်ရှင်းလင်းဆောင်၌ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ အောင်မြင့်ဟန်နှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးသိန်းရွှေတို့က မွေးမြူရေး ဇုန်မြေကွက်(၁၆၄)ဧကတွင် ဧကကွက်များပိုင်းခြား၍ နေရာချထားပေးမှု အခြေအနေ၊ တစ်ယူနစ်ဧက ကွက်များတွင် တိရိစ္ဆာန်အမျိုးအစားအလိုက် မွေးမြူထားရှိသွားမည့် အခြေအနေ၊ ရေရရှိရေးဆောင် ရွက်နေမှုအခြေအနေ၊ ဇုန်အတွင်း ၁၁ ကေဗွီဓါတ်အားလိုင် ၁၄၀၀ ပေနှင့် ၄၀၀ ဗို့ ဓါတ်အားလိုင်း ၁ ဒသမ ၇၄ မိုင် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဘားအံမွေးမြူရေးဇုန်အတွင်း မွေးမြူရေး လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်ရုံးသို့ ရောက်ရှိပြီး ပြတိုက်ငယ် (Mini Museum) ခင်းကျင်းပြသထားသော ကရင်ဘာသာဖြင့် ရေးသားထားသော ကျောင်းသင်ခန်းစာစာအုပ်များ၊ ကရင်ရိုးရာ တူရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ၊ မဂ္ဂဇင်း၊ စာစောင်များ၊ အထင်ကရဂူဘုရားများ၏ သမိုင်းဝင်စာအုပ်များ၊ သဘာဝတွင်းထွက် ပစ္စည်းများကို လည်းကောင်း၊ ကလေးစာဖတ်ခန်း၊ စာကြည့်တိုက်ခန်းမ၊ ရည်ညွှန်းစာဖတ်ခန်း၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ အစည်းအဝေးခန်းမ၊ စာအုပ် သိုလှောင်ခန်းနှင့် ကွန်ပျူတာခန်းမတို့ကို ကြည့်ရှု့စစ်ဆေးရာ ပြည်နယ် ညွှန်ကြားရေးမှူး ဦးမောင်မောင်၊ ဘားအံခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြပြီး ပြန်နယ်ဝန်ကြီးချုပ်က  လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်း လိုင်းခန်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)