ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း


MNP - ဖေဖော်ဝါရီ    ၂၈

ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ သို့ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆားစသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွိုင်ကော်တပ်နယ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်တို့က ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရစ္ဇျာယ် ချီးမြှင့်တော်သော ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်းတွင် ဘာသာရေးဆိုင်ရာ ပွဲတော်များကို သာသနာတော်ထုံးတမ်း အစဉ်အလာနှင့်အညီ အစဉ်အလာမပြတ်ကျင်းပဆောင်ရွက်နိုင်မှုများ၊ ပြည်နယ်၏ သာသနာရေးဆိုင်ရာ လူမှုအကျိုးပြုလုပ်ငန်းများကို ဆရာဒကာ လက်တွဲညီညွတ်စွာဖြင့် ဆောင်ရွက် နေမှုများနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ဆက်လက်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ လွိုင်ကော် တပ်နယ်နှင့် ပြည်နယ်တရားသူကြီးချုပ်တို့က ဆရာတော် သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ပြီး ယနေ့ အခမ်းအနားတွင် ကယားပြည်နယ် အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများ၊ စုစုပေါင်း (၃၉)ကျောင်းရှိ သံဃာတော် (၃၅၀)ပါးတို့ အတွက်  ဆွမ်း ဆန်တော် ၊ ဆီ ၊ ပဲ ၊ ငါးခြောက် ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကျန်းမာရေးဆိုင်ရာ နှာခေါင်းစည်း (Mask)များနှင့် စက်သုံးဆီ တို့ကို လှူဒါန်းပေးခဲ့ရာ လှူဒါန်းမှုအနေဖြင့်  စုစုပေါင်းတန်ဖိုးကျပ် ၆၆၃၄၅၀၀ ( ခြောက်ဆယ် ခြောက်သိန်း သုံးသောင်းလေးထောင့် ငါးရာ) ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)