MNP - ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ စကြာနွယ်စဉ်ရပ်ကွက် မီးဘေး သင့်ပြည်သူများအား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်း (၃)နာရီက အဆိုပါရပ်ကွက်ရှိ ဆူးလေဗလီဝန်းအတွင်း ဆောင်ရွက်သည်။
ထောက်ပံ့ပစ္စည်းများလှူဒါန်းပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးအေးမင်းသူ၊ တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းအောင်၊ မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဆွေလွင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြဝင်းနှင့် မီးဘေးသင့် အိမ်ထောင်စု(၂၈)စုမှ အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက အမှာစကားပြောကြားသည်။ထို့နောက် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား အိမ်ခြေတစ်လုံးလျှင် တစ်သိန်းနှုန်းဖြင့် အိမ်ခြေ(၁၈)လုံးအတွက် ငွေကျပ်(၁၈)သိန်း၊ လူဦးရေ (၁၂၅)ဦး အတွက် တစ်ဦးလျှင် (၅)သောင်းနှုန်းဖြင့် ငွေကျပ် (၆၂၅၀၀၀၀)စုစုပေါင်း တန်ဖိုးငွေကျပ် (၈၀၅၀၀၀၀)အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ဗှူးကြီး ကျော်ကျော်မင်းက ပေးအပ်ခဲ့သည်။
ဆက်လက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အိမ်ထောင်စု(၂၈)စုအတွက် တန်ဖိုးငွေကျပ် (၉၂၄၀၀၀)တန်ဖိုးရှိ ဆန်အိတ်(၂၈)အိတ်၊ မန္တလေး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၂၅)ဦးအတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်၊ ရိက္ခာ၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် (၃၄၃၅၅၀၈)နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)မှ မိသားစုသုံးပစ္စည်း(၃၃)မျိုး၊ အိမ် ဆောက်ပစ္စည်း (၁၂) မျိုး စုစုပေါင်းတန်ဖိုးငွေကျပ်(၇၀၀၀၀၀၀)ကျပ်တို့အား မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်ဇော်မင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment