MNP - ဖေဖော်ဝါရီ ၁၆
မြန်မာ့အားကစား အဆင့်အတန်းမြင့်မားစေရေးနှင့် လက်ရွေးစင် အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရေး တို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ်ရိုးရာ ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက နိုင်ငံအတွင်း မြန်မာ့ရိုးရာခြင်းလုံး ကစားနည်းဖြင့် အားကစား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြိုင်ပွဲကျင်းပပေးခြင်းဖြင့် မြို့နယ်၊ခရိုင်အဆင့်မှ ပြည်နယ်အဆင့်ထိ လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေလိုသော ရည်ရွယ်ချက် ဖြစ်ကြောင်း၊ ရိုးရာခြင်းလုံး အားကစားနည်းသည် မြန်မာတို့၏ကိုယ်ပိုင်ဟန်ဖြစ်၍ ကောင်းမွန်သည့် အားကစားနည်း တစ်မျိုးလည်းဖြစ်ရာ အားလုံးဝိုင်းဝန်း ထိန်းသိမ်းစေလိုကြောင်း၊ အားကစားကဏ္ဍ မြှင့်တင်ပေးခြင်းသည် နိုင်ငံတော် တည်ဆောက်ပေးနေခြင်းဖြစ်တယ်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးရာခြင်းလုံး အားကစားနည်းဖြင့် ဇွဲ၊လုံ့လ၊ စိတ်ဓါတ် တို့ကို အရင်းခံကာ နိုင်ငံ့ဂုဏ်မြှင့်တင်ပေးနိုင်မည့် အားကစားသမားကောင်းများ ပေါ်ထွက်လာပါစေကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်ပြည်နယ်(၁၀)မြို့နယ်အတွင်းမှ ပါဝင်ယှဉ်ကြမည့် ပြိုင်ပွဲဝင် အားကစား သမားများ၏ အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုမှုနှင့် ရိုးရာခြင်းလုံးကစား နည်းသရုပ်ပြသပေးမှုကိုကြည့်ရှုအားပေးသည်။ အဆိုပါပြိုင်ပွဲကို မွန်ပြည်နယ်(၁၀) မြို့နယ် အတွင်းမှ တစ်မြို့နယ်လျှင်(၈)ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး (၆)ဦးတွဲ ကစားမည်ဖြစ်သည်။
မြန်မာ့အားကစားနည်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအဆင့် မြှင့်တင်ဖော်ဆောင် ပေးလျက်ရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့မှလည်း ပြည်နယ်ဂုဏ်ဆောင် အားကစား သမားကောင်းများ မွေးထုတ်ပေးခြင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်းနှင့် အားကစားဥယျာဉ်များ တည်ဆောက်ပေးကာ လူငယ်နှင့် အားကစား ကဏ္ဍကို အထူးအလေးပေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဇာဖြူဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment