ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP - ဖေဖော်ဝါရီ    ၂၀

ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး (ဗဟို)ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်ရောဂါပိုး ပြည်တွင်း ကူးစက်ဖြစ်ပွားမှုနှုန်း တဖြည်းဖြည်းတိုးမြှင့်လာနေကြောင်း၊ ရောဂါထိန်းချုပ်တုံ့ပြန်နိုင် ရေးအတွက် ဒေသအတွင်း ပေါင်းစပ်ညှိနှိုင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ် ကြစေလိုကြောင်း၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ၊ ရောဂါကုသရေးစင်တာများကို မြို့နယ်များအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် တာဝန်ရှိသူများက လိုက်လံကြည့်ရှု့စစ်ဆေးပေးဖို့ လိုကြောင်း၊  အိုမီခရွန်သတိပေးချက် လိုက်နာရမည့် စည်းကမ်းများ ကို နေ့စဉ်လှည့်လည်ဆော်ဩပေးဖို့လိုကြောင်း၊ အစုအဖွဲ့အလိုက်ကူးစက်နိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ စာသင်ကျောင်း၊ တရားစခန်း၊ ဘိုးဘွားရိပ်သာ၊ ဈေးများကို မြို့နယ်အလိုက်၊ ရပ်/ကျေးအလိုက် သတင်းရရှိနိုင်ရေး၊ ဖြစ်ပွားသည်နှင့် ချက်ချင်းတုံ့ပျန်ဆောင်ရွက်နိုင်ရေး စီမံဆောင် ရွက်ထားကြဖို့ လိုကြောင်း၊ ကာကွယ်ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအင်အားများကို ကြိုတင် စုဆောင်းထားကြဖို့လိုကြောင်း၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်သည့် အတွက် တိုင်းရင်းသား ပြည်သူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို စနစ်တကျ လိုက်နာနေထိုင်ကြစေရေး အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် တွန်းတွန်း တိုက်တိုက်ဆောင်ရွက်ကြစေလိုကြောင်း၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဌာန ဆိုင်ရာများ၊ ပြည်သူများ၊ အသင်းအဖွဲ့များ အားလုံးက အမျိုးသားရေးအသွင်ဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးက သက်ဆိုင်ရာခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနိုင်ရေး လိုအပ်သည့် ပြင်ဆင်မှုများအား ဆွေးနွေးပြောကြားပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စွာမြင့်က ရောဂါ၏ သဘောသဘာဝ၊ ခရီးသွားလာခြင်း၊ လူစုလူဝေးလျော့ချခြင်းနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနည်းလမ်းများကို ရှင်းလင်းပြောကြားကာ ကော်မတီဝင် ပြည်နယ် အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာကြသော ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန် ခရိုင်အုပ်ချုပ်ရေးမှူးများက ဒေသတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှု နှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကူးစက်မှုများ ထိန်းချုပ်နိုင်ရေး၊ ကွင်းဆက်ဖြတ် တောက်နိုင်ရေးနှင့် ရောဂါဖြစ်ပွားပြီး သေဆုံးမှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအား ကောင်းဖို့လိုပြီး ဘက်ပေါင်းစုံမှ အချိတ်အဆက်မိမိဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြ စေလို ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံတက္ကသိုလ်ဘွဲ့ နှင်းသဘင် ခန်းမအနီး၊ တိုးချဲ့ကွက်သစ်တွင် ရုံးအဆောက်အဦ (၄၀ပေ x ၂၀ပေ x ၁၀ပေ)၊ အစည်းအဝေးခန်းမ (၆၀ပေ x ၃၀ပေ x ၁၃ပေ)၊ လေးခန်းတွဲ သန့်စင်ခန်းတစ်လုံး၊ အုတ်သံ ပန်းခြံစည်းရိုး၊ စက်ရေတွင်းတစ်တွင်း၊ အမြင့်တင်ရေစင်နှင့် ရေလောင်ကန်တစ်ကန် ပါဝင်သည့် ပြည်နယ်စစ်မှုထမ်းဟောင်း ရုံးတည်ဆောက်ရေးလုပ်ငန်းခွင့်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)