စားအုံးဆီတင်သွင်းမှု လျော့ချထိန်းညှိဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စားအုံးဆီတင်သွင်းမှု လျော့ချထိန်းညှိဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြောကြား




MNP ၊ ဖေဖော်ဝါရီ ၂၂ 

ပြည်ပမှ စားအုန်းဆီများအား တင်သွင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများ၏ အရည်အသွေး၊ ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်သော ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက စားသုံးဆီတင်သွင်းမှုအနေဖြင့် ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်တွင် တန်ချိန် (၃ ဒသမ ၁) သိန်းကျော်ခန့် တင်သွင်းခဲ့ပြီး ယခုနှစ်တွင် (၂ ဒသမ ၃) သိန်းခန့်သာ တင်သွင်းခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၃၀) ရာခိုင်နှုန်းအထိ လျှော့ချထိန်းညှိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ထည့်သွင်း ပြောကြားသွားသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်တွင်း၌ စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိလာစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို မူဝါဒအရလျှော့ချပြီး အကန့်အသတ်ဖြင့် တင်သွင်းခြင်းအစီအစဉ်ကို ယခု Mini Budget မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် စားသုံးဆီ ကမ္ဘာ့ဈေးနှုန်း မြင့်တက်မှု၊ ပြည်တွင်းဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးမှု လျှော့ချနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှု တိုးတက်စေရေး၊ ပြည်တွင်း၌ စားသုံးဆီများ စုပုံမှုမရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်တို့ကို အခြေခံ၍ တွက်ချက်ဆောင်ရွက်ခဲ့ပါကြောင်း။ 


အလားတူ စားသုံးဆီတင်သွင်းသူများလည်း နစ်နာမှုမရှိစေရေး၊ စားသုံးသူ ပြည်သူများအတွက်လည်း ထိခိုက်မှုမရှိစေရေးတို့အတွက် ဗဟိုဘဏ်မှ ရောင်းချပေးသော ဒေါ်လာဈေးဖြင့် သက်သာသော ဈေးနှုန်းတွက်ချက်၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်မှာ (၅) လရှိပြီဖြစ်ပါကြောင်း၊ တင်သွင်းဖြန့်ဖြူးသူများအနေဖြင့် အရောင်းအဝယ်သဘောအရ အမြတ်ရရှိရေးကိုသာ အဓိကမဟုတ်ဘဲ စားသုံးသူပြည်သူများ အနေဖြင့်အဆင်ပြေမှု ရှိစေရန်အတွက် ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုကာလတွင် ကမ္ဘာ့စားသုံးဆီ ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့်အတွက် ပြည်တွင်းဈေးကွက် ကိုရိုက်ခတ်မှုများရှိပါကြောင်း၊ ကမ္ဘာ့ ဈေးနှုန်းအနေဖြင့် ယခုနှစ် ဇန်နဝါရီလအတွင်း စားသုံးဆီ တစ်တန်လျှင် ပျမ်းမျှ (၁၄၀၇) ဒေါ်လာရှိပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ပျမ်းမျှအားဖြင့် (၁၅၅၀) ဒေါ်လာခန့်မှ ယခုအပတ်အတွင်း ပျမ်းမျှအားဖြင့် (၁၆၄၀) ဒေါ်လာခန့်ထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါကြောင်း၊ စားသုံးဆီတင်သွင်းမှုအနေဖြင့် ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်တွင် တန်ချိန် (၃ ဒသမ ၁) သိန်းကျော်ခန့် တင်သွင်းခဲ့ပြီး ယခုနှစ်တွင် (၂ ဒသမ ၃) သိန်းခန့်သာ တင်သွင်းခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၃၀) ရာခိုင်နှုန်းအထိ လျှော့ချထိန်းညှိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစားသုံးဆီ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် သင့်တင့်မျှတသည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။ 


ဆက်လက်၍ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးက ပြည်တွင်း၌ စားသုံးဆီလက်ကျန် ကျန်ရှိမှု၊ ပြည်ပမှ စားအုန်းဆီသင်္ဘောများ ထပ်မံရောက်ရှိမည့် အခြေအနေနှင့် ပြည်တွင်းစားသုံးမှု ဖူလုံရန် စီမံဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ 


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများက မတ်လအတွင်း စားသုံးဆီ တင်သွင်းရောက်ရှိမည့် အခြေအနေများနှင့် ဈေးကွက် လိုအပ်ချက်ကိုပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်သွားမည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။ 


အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ စားသုံးဆီ တင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)