MNP - ဖေဖော်ဝါရီ ၁၆
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ဟားခါးမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်အတွင်း အေးချမ်းတည်ငြိမ်မှုရှိရန်လိုကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းကဏ္ဍများကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်က ချင်းပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မှု၊ တည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာများကို လမ်းညွှန်ဆွေးနွေးပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) ဗိုလ်မှူးချုပ် သန့်ဇင်ဦး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးမှုအခြေ အနေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက ဒေသအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment