ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့တက်ရောက်




MNP - ဖေဖော်ဝါရီ     ၂၄

ကချင်ပြည်နယ်၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် မြန်မာ-တရုတ်ကုန် စည်စီး ဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ပို့ကုန်/သွင်းကုန်များ တင်သွင်းနိုင်ရေး အတွက် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်‌ရေး လုပ်ငန်းကော်မတီနှင့် ကုန်သည် လုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လုပ်ငန်းကော်မတီနှင့် ကုန်သည်လုပ်ငန်းရှင်များအားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကန်ပိုက်တီနယ်စပ်မှ တစ်ဆင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ စတင်ဆောင်ရွက် လာခဲ့ရာ မိမိတို့ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက် ဘဏ္ဍာငွေများ ရရှိလာနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ထို့အပြင် ပို့ကုန်/သွင်းကုန်များအတွက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင် တင်ပို့နိုင်ရေး နှစ်ဖက်သဘောတူ MOU ရေးထိုးဆောင်ရွက်နိုင်ရေးနှင့် ကန်ပိုက်တီနယ်စပ်ဂိတ် အပြင် လွယ်ဂျယ်၊ ပန်ဝါ၊ ဖီမော်နယ်စပ်ဂိတ်များ ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းများရပ်ဆိုင်းမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ကုန်သည်လုပ်ငန်းရှင် များက နယ်စပ်ကုန်စည် စီးဆင်းမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပို့ကုန်/သွင်းကုန်များ တင်ပို့ခဲ့ ဆောင်ရွက်နိုင်မှု အခြေအနေများ၊ တစ်ရှူးငှက်ပျောပို့ကုန်အပြင် ကျန်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နိုင်ရေးကိစ္စရပ်များ၊ ထိန်ချုံးအပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှုများ၊ ပို့ကုန်များ တင်ပို့ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ လုပ်ငန်းကော်မတီမှ ညှိနှိုင်းဆောင်ရွက်ပေးသွားရမည့်ကိစ္စရပ် များကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်တရုတ်နိုင်ငံ ကုန်သည်အသင်းများနှင့် ညှိနှိုင်း၍ MOU ရေးထိုးနိုင်ရေး၊ ပို့ကုန်များ တိုးမြှင့်ပို့ဆောင်နိုင်ရေး၊ ကုန်စည်စီးဆင်းမှု လမ်းကြောင်းအတွက် စစ်ဆေးကြပ်မတ်သွားမည့် စုပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ ခန်းမ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူများ ပြန်လည်နေရာ ချထားပြီး စခန်းပိတ်သိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ စခန်းများပိတ်သိမ်းရေးအတွက် ပြောင်းရွှေ့နေရာချထားပေးမည့် နေရာများတွင် နေအိမ်များ ပြုပြင်/အသစ်တည်ဆောက်ပေးနေမှု အခြေအနေများ၊ ရေ၊မီးနှင့်နေထိုင်စားသောက် မှု အဆင်ပြေစေရေး ထောက်ပံ့ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နေရပ်စွန့်ခွာပြည်သူများ၏ အ‌ရေးကိစ္စကြီး/ ငယ်မရွေး တာဝန်ယူကူညီဆောင်ရွက်ပေးနေကြသည့် ကော်မတီအဖွဲ့ဝင်များ အပါအဝင် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် အစိုးရအဖွဲ့နှင့် လက်တွဲ၍ အတူ တကွ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ် -၁၉ ရောဂါသည် ယခုလအစောပိုင်းမှ စတင်ပြီး ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ကူးစက်မှု နှုန်း ပြန်လည်မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ၊ ထိန်းချုပ်စောင့်ကြည့်ရေးစင်တာများ၊ အောက်ဆီဂျင်လိုအပ်ချက် များ ပြည့်မီစေရေး၊ ကာကွယ်ရေးသုံးပစ္စည်းများကို ကြိုတင်ပြင်ဆင်ပြီး အရေးပေါ်အခြေအနေ တွင် ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး စနစ်တကျဖြင့် လက်တွေ့အသုံးချနိုင်အောင် စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များအား စုဖွဲ့ ထားရန် လိုအပ်ပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကို လူထုပူးပေါင်းပါဝင်သည့် လူထုလှုပ်ရှားမှု အသွင်ဖြင့် တင်းတင်းကြပ်ကြပ်၊ လျင်မြန်စွာ ထိန်းချုပ်သွားနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး၊ ပြည်နယ် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်များအလိုက် Quarantine Centre များနှင့် ကုသရေး စင်တာများ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရှိမှုများ၊ ကာကွယ်ရေးသုံးပစ္စည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းစုဖွဲ့ ထားရှိမှုများနှင့် ကူညီထောက်ပံ့ပေးရန် ကိစ္စရပ်များ၊ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပြီးစီးမှု အခြေအနေများနှင့် အသိပညာပေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)