MNP - ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ကျုံဖဲကျေးရွာတွင် (၇၅) ကြိမ်မြောက် စိန်ရတုမွန်အမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ဘားအံမြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ အိန္ဒုတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တဝါယမ၊ ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် မွန်အမျိုးသားနေ့ ကျင်းပရေး ကော်တီဝင်များက (၇၅) ကြိမ်မြောက် စိန်ရတုမွန်အမျိုးသားနေ့မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မွန်အမျိုးသားလူငယ်မောင်မယ်များက မွန်အမျိုးသားအလံတော်ကို သယ်ဆောင်၍ ကွင်းအတွင်း နေရာယူကြပြီး မွန်အမျိုးသားအလံကို မွန်အမျိုးသား သီချင်းသီဆို၍ တိုင်ထိပ်သို့လွှင့်တင်ပြီး မွန်အမျိုးသား အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။
ယင်းနောက် သဘာပတိ အိန္ဒုတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တဝါယမက အဖွင့်အမှာစကားပြောကြားပြီး ကရင် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံမှပေးပို့သော သဝဏ်လွှာကို ဘားအံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)မှ ဖတ်ကြားကာ မွန်အမျိုးသားနေ့ကျင်းပရေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မွန်အမျိုးသားနေ့ မြေစိုက် ပိုစတာရာဇဝင်၊ မွန်စာပေနှင့်ယဉ်ကျေးမှု စာတမ်းတို့ကို ဖတ်ကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မွန်အမျိုးသားနေ့ ကျင်းပရေးဥက္ကဋ္ဌထံ ထောက်ပံ့ငွေများ ပေးအပ်ပြီး မွန်အမျိုးသားနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲနှင့် လှေလှော်ပြိုင်ပွဲတို့တွင် ဆုရရှိသည့် အသင်းများအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် မွန်ရိုးရာဖြစ်သောရွှေဟင်္သာယိမ်းအကဖြင့် ဧည့်ခံဖျော်ဖြေရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဘားအံမြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌ အိန္ဒုတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဝါယမအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment