ကရင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက် ကြရန်မှာကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက် ကြရန်မှာကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး




MNP ၊  ဖေဖော်ဝါရီ    ၂၃

ကိုဗစ်-၁၉ ရောဂါပြည်တွင်းကူးစက်မှုနှုန်း ပြန်လည်မြင့်တက်နေပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များကို ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ကြရန် ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများအား လမ်းညွှန် မှာကြားသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် မြန်ဆန်စေ ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂)တွင် လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါများစေရေး ပညာရေးနှင့်ပတ်သက်ပြီး အလေးထားဆောင်ရွက်ဖို့လိုကြောင်း၊ စိုက်ပျိုး ရေးနှင့်ပတ်သက်၍ ဓါတ်မြေဩဇာများ အသုံးပြုခြင်းအားလျော့ချပြီး သဘာဝမြေဩဇာများဖြင့် အစားထိုး အသုံးပြုနိုင်ရေး ကြိုးပမ်းကြစေလိုကာ ရေ၊ မြေ သဘာဝ သယံဇာတများကို အကျိုးရှိစွာ အသုံးချစေ လိုကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများအားလုံးက ဦးဆောင်ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါစတုတ္ထလှိုင်း စတင်နေပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ကြဖို့ လိုကြောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် နေရပ်ပြန် ပြည်သူများ အား မြဝတီမြို့တွင် လက်ခံထားရှိ ဆောင်ရွက်ပေးလျက်ရှိရာ ရောဂါပိုးတွေ့ရှိနှုန်းမြင့်မားနေပြီး ပြည်တွင်းသို့ ကူးစက်ပျံနှံ့မှုမရှိစေရေး စနစ်တကျဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး ကရင်ပြည် နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ထပ်ဆင့်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

အလားတူ ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပ သည့် အစိမ်းရောင်မြို့တော်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၄ နာရီခွဲခန့်က ဘားအံ-ထုံးအိုင်လမ်းမကြီး ဘေးဝဲယာနှစ်ဖက် နိဗ္ဗိန္ဒတံတားမှ စောစံစီဖိုးလမ်းဆုံထိ (၇၃၂၀ပေ x ၃ပေ x ၄ပေ)၊ ဘားမဲတောင်ခြေမှ ရွှေကင်းတူးမြောင်းထိ ၂၁၃၀ ပေ အုတ်စီရေမြောင်းနှင့် လူသွားပလက်ဖောင်း ပြုလုပ်ခြင်းလုပ်ငန်းကို ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်လျက်ရှိသော (၂၅၀၄ ပေ x ၃ ပေ x ၄ ပေ) မြောင်းဖုံးပါ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)