တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


MNP - ဖေဖော်ဝါရီ    ၁၇

ယခုအခါ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါသည် မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် မျိုးကွဲတစ်ခုအနေဖြင့် ပြန်လည်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပေါ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအား ကုသပေးနိုင်ရန်အတွက် ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား ယမန်နေ့ ညနေပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့သည်။

ထိုသို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ လူနာများအနေဖြင့် လာရောက်ကုသမှုခံယူရာတွင် နေရာထိုင်ခင်း အဆင်ပြေစေရေး၊ လေကောင်းလေသန့် ရရှိစေရေး၊ ရေ၊ မီး၊ မိလ္လာ စနစ်များ အထူးကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့် မီးဘေး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို အဓိကထား စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် အဖွဲ့ဝင်များသည် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - နိုင်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)