ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းနှင့် ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်သူများ လာရောက်လေ့လာလည်ပတ်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းနှင့် ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်သူများ လာရောက်လေ့လာလည်ပတ်နိုင်









MNP - ဖေဖော်ဝါရီ     ၁၉

ရှေးဟောင်းအမွေအနှစ်ကို  ချစ်မြတ်နိုးပြီး ရှေးဟောင်းအဆောက်အအုံများ၊ အနုပညာ လက်ရာမြောက်လက်ဝတ်ရတနာများနှင့် ပစ္စည်းများ၊ မြို့ရိုးနှင့် မြို့ဝင်ပေါက်များကို လေ့လာလို သည့် ခရီးသွားပြည်သူများအနေဖြင့် အညာဒေသ၏ လေ့လာလည်ပတ်စရာ ဒေသတစ်ခုဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှ အနောက်ဘက် (၁၂)မိုင်ခန့်ရှိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဗိဿနိုးမြို့ဟောင်းနှင့် ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်သူများအနေဖြင့် လာရောက်လေ့လာ လည်ပတ်နိုင်ကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်း၏ မြောက်ဘက်တွင် ယင်းချောင်း၊ စတုံချောင်းနှင့် တောင်ဘက်တွင် တောင်ဦးချောင်း၊ ရန်ပယ်ချောင်းတို့ စီးဆင်းလျက်ရှိကာ (၁၉၅၉) ခုနှစ်မှစ၍ ယနေ့အချိန်ထိ ကုန်းပေါင်း (၆၆) ကုန်းကျော်ကို တူးဖော်သုတေသနပြုခဲ့ပြီး ဘီစီ(၁၉၀) မှ အေဒီ (၅) ရာစုအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သော မြို့ဟောင်းတစ်ခုဖြစ်ကြောင်းကို ကြွင်းကျန်ရစ်သည့် မြို့အင်္ဂါရပ်များကို ထောက်၍လည်းကောင်း၊ သိပ္ပံနည်းကျ ရက်စွဲသတ်မှတ်၍ လည်းကောင်း သိရှိရသည်။ ယခုအခါ ဗိဿနိုးမြို့ဟောင်းသည် (၂၂.၆.၂၀၁၄) ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည့် ပျူမြို့ဟောင်းသုံးမြို့အနက် တစ်ခုအပါအဝင် ဖြစ်သည်။

ဒါ့အပြင် ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်တွင်လည်း ပြကွက်များအနေဖြင့် သမိုင်းမတင်မီ ခေတ်ပြကွက်၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ပြကွက်များနှင့် ဗိဿနိုးမြို့ဟောင်းမှ တူးဖော်ရရှိသည့် မြေအရိုးအိုးများ၊ သံမှိုပွင့်ကြီးများနှင့် သံမယ်နများ၊ ပျူခေတ်ဒင်္ဂါးများ၊ မြေ/ ကျောက် ပုတီးစေ့များ၊ ကြေးခွက်များ၊ ကြေးရုပ်ပွားငယ် (၁)ဆူနှင့် ကြေးခေါင်းလောင်း (၁)ခု၊ တူးဖော်ပြီး အုတ်ကုန်းများနှင့် မြို့ဝင်ပေါက်ပုံစံငယ်၊ နန်းတော်ရာပုံစံငယ်များ၊ မြို့ဟောင်းမြေပုံများ၊ တူးဖော်မှု မြေပုံနှင့် ဇုန်မြေပုံများကို ပြည်သူများ ဗဟုသုတရဖွယ် ခင်းကျင်းပြသထားကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်  ဗိဿနိုးမြို့ဟောင်းနှင့် ဗိဿနိုးရှေးဟောင်း သုတေသနပြတိုက်ကို တနင်္လာနေ့တိုင်းနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ  နံနက် (၉:၃၀) နာရီမှ ညနေ (၄:၃၀) နာရီအထိ ဖွင့်လှစ်ထားရာ  ခရီးသွားပြည်သူများ အနေဖြင့် ဗိဿနိုးမြို့ဟောင်း၏ ထင်ရှားသော အမှတ်လက္ခဏာများဖြစ်သည့် ရှေးဟောင်းအဆောက်အအုံများ၊ ဒင်္ဂါးများ၊ ပုတီးစေ့များ၊ အနုပညာလက်ရာမြောက် လက်ဝတ်ရတနာများ၊ မြို့ရိုးနှင့် မြို့ဝင်ပေါက်များကို ပြည်တွင်း ဧည့်သည်များအတွက် အခမဲ့လေ့လာကြည့်ရှုနိုင်သဖြင့် သွားရောက်လည်ပတ်သင့်သည့်  နေရာတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)