ချင်းပြည်နယ်ဝန်ကြီးချုပ် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့တက်ရောက်





MNP - ဖေဖော်ဝါရီ    ၁၇

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည် နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ယခုရက်ပိုင်း အတွင်း ဖလမ်းမြို့နှင့် တီးတိန်မြို့တို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုမြှင့်တက်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန် အဟုန် မြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ ပိုးတွေ့မှုမြင့်မားနေသည့် ဖလမ်းမြို့နယ် နှင့် တီးတိန်မြို့နယ်များတွင် Omicron ရောဂါပိုးရှိမရှိ စစ်ဆေးသည့် Test Kit များကို တပ်မတော် ရဟတ်ယာဉ်များဖြင့် (၂၄)နာရီအတွင်း အရောက်ပို့နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်များရှိ စည်ပင်သာယာဈေးများ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်စေရေးအတွက် သက်ဆိုင်ရာဌာနများ က ကြပ်မတ်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု လျော့နည်းကျ ဆင်းလာရေးအတွက် မြို့နယ်များအလိုက် ဌာနဆိုင်ရာများ၊ ဘာသာရေးအဖွဲ့အစည်းများ မှ ဆရာတော်များ၊ စေတနာ့ ဝန်ထမ်းများနှင့် ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်အတွင်းရှိ ဆေးရုံများတွင် မဖြစ်မနေဖြည့်ဆည်းပေး ရမည့် လိုအပ်ချက်များကို တင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြော ကြားသည်။

ဆက်လက်၍ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီ ဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင်လျန်ဟုပ်လိန်းက ဟားခါး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုနှင့် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပါက ပူးပေါင်းဆောင်ရွက် မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ အား ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များ (Version 7 )၊ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်၌ သီးသန့် နေထိုင်ခြင်း ခွင့်ပြုရန် သတ်မှတ်ချက်များနှင့် ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို Power Point ဖြင့် ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဟားခါးမြို့ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်ထားရှိမှု၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ဟားခါး)တွင် Quarantine စင်တာ ပြင်ဆင်ထားရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးနေမှုနှင့် Booster dose ထိုးနှံပေးနေမှုအခြေအနေ၊ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ယခင်အပတ် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်မ်ားအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ် ဥပဒေ ချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာ ပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး၊ RDT Test kit ဖြင့် ရောဂါရှာဖွေရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံခြင်း လုပ်ငန်းများကို ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ရေးနှင့် မြို့နယ်အလိုက် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ကြပ်ကြပ်မတ်မတ် စစ်ဆေးရေးတို့ကို အကြံပြုဖြည့်စွက်ဆွေးနွေး ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)