မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကျင်းပ












MNP ၊ ဖေဖေါ်ဝါရီ ၂၇


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်တွင် တည်ဆောက်မည့် ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌ ဂုရု ဘဒ္ဒန္တ ဇနိန္ဒ နှင့် တပ်ကုန်းမြို့၊ မဟာသီဟနာဒ ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏ တို့အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင် စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များတက်ရောက် ကြည်ညိုကြသည်။


ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်ကြီးများက မေတ္တာပို့ဂါထာတော်များ ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ရတနတ္တယပူဇာဂါထာတော်နှင့် မေတ္တာပို့ လင်္ကာနှစ်ပိုဒ် ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပွားများပူဇော်ကြသည်။


ယင်းနောက် ဆရာတော်ကြီးများက ရတနာပန္နက်တော်နှင့် ရွှေလက်ရိုက်တော် တို့ကို ပရိတ်နံ့သာရည်များပတ်ဖျန်း၍ သိဒ္ဓိမင်္ဂလာ ဆင်ယင်ချီးမြှင့်တော်မူကြပြီး အကူဘုရားဒါယကာများက ရတနာပန္နက်တော်၊ ရွှေလက်ရိုက်တော်နှင့် ပရိတ်နံ့သာ ရည်ဖလားများကို ပင့်ဆောင်၍ တည်ဆောက်မည့်ကျောင်းဆောင်တော် ဝတ္တုကံအား လက်ယာရစ် လှည့်လည်ပူဇော်ကာ သတ်မှတ်နေရာသို့ ပို့ဆောင်ကြသည်။


ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဗဟိုပန္နက်တော်ဋ္ဌာနတွင် ရတနာပန္နက်တော်ကို စိုက်ထူ၍ ပရိတ်နံ့သာရည်ပက်ဖျန်းပူဇော်သည်။


ဆက်လက်၍ ပန္နက်တော်စိုက်ထူပူဇော်သည့် ရှေးထုံးစဉ်လာ ကျမ်းဂန်တော်လာ အစဉ်အလာမြတ်များနှင့်အညီ နေရာယူကြပြီး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့် ဦးကိုကို တို့က သတ်မှတ်နေရာအသီးသီး၌ ရတနာပန္နက် တော်များကို စိုက်ထူပူဇော်ပြီး ပရိတ်နံ့သာရည်ပက်ဖျန်းပူဇော်ကြသည်။


ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစ ချီသည့် ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကိုရုပ်သိမ်းကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။


ယင်းနောက် ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သစ်ပင်များအား မိုးမကျမီအပြီးစိုက်ပျိုးရန်၊ မြန်မာမှုလက်ရာများကို စနစ်တကျဖြစ်စေရေး ရှေးမူလက် ရာများအား လေ့လာ၍ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ စနစ်တကျပြီးစီးစေရေး ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပိုင်း ၁ နှင့် အပိုင်း ၂ တို့အား ခေတ်မီစက်ကိရိယာများအသုံးပြု၍ ထွင်းထုပူဇော်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ယင်းနောက် ဉာဏ်တော် ၉ ပေရှိ ဆင်းတုတော်များကို CNC စက်ဖြင့်ထုဆစ် ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေး၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း မော်တော် ယဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)