ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ စီမံချက်လျာထားချက်အတိုင်း ပြီးစီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ် ညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ စီမံချက်လျာထားချက်အတိုင်း ပြီးစီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ် ညှိနှိုင်းအစည်းအဝေး တက်ရောက်




MNP ၊ ဖေဖော်ဝါရီ  ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ကြုံတွေ့လာသည့် အခက်အခဲများကြားမှ စီမံချက် လျာထားချက်အတိုင်း ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက  နောင်လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားဆိုင်ရာ ကိုင် ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် စိစစ်ချက်အရ (၁၆) နှစ်နှင့် အထက်ရှိသူ (၃ဒသမ၄)သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ရေးဆွဲ ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်၊ မေ (၃)ရက်မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ(၃)ရက်အထိ (၁၈)လကြာ ဆောင်ရွက်ရမည့် စီမံချက်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် သတ်မှတ်ကာလအတွင်း လျာထားသတ်မှတ်အရေအတွက် ပြီးစီးအောင်မြင်အောင်  မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဒေသအာဏာပိုင်များ၊ အခြားသော ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။


ယခုအခါ စီမံချက်ကာလ (၁၀)လကြာ ရှိပြီဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့သည် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပြီးဖြစ်ပါကြောင်း၊ လျာထားချက်ရာနှုန်းပြည့် မပြီးစီးသေးသော်လည်း လျာထားချက်၏ ၉၀ ရာခိုင်နှုန်းအထက် ပြီးစီးမှုမှာ မကွေး၊ တနင်္သာရီနှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်ပါကြောင်း၊ လက်ရှိကာလ အထိ ပြီးစီးရမည့် လျာထားချက်အောက်တွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ရှိနေသည်ကို တွေ့ရပါကြောင်း၊ ကြုံတွေ့ လာသည့် အခက်အခဲအဟန့် အတားများကို ဖြစ်နိုင်သမျှ နည်းလမ်းများ ရှာကြံကာလျာထားချက် အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် အဓိကကျသည့် နောက်ဆုံးအချက်ကို အကောင်အထည်ဖော် နိုင်ရန်မှာ ပန်းခင်းစီမံချက် အောင်မြင်ရေးသည် အရေးတကြီးလိုအပ်ချက်ဖြစ်သည်ကို စွဲမြဲမှတ်ယူကြရန် လိုကြောင်း၊ ထို့ကြောင့် စီမံချက်လျာထားချက် ရာနှုန်းပြည့် ပြည့်မီကျော်လွန်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က ဒေသအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မျက်ခြေမပျက်စောင့်ကြည့်ကာ ဆောင်ရွက်ရန်ကျန်ရှိသည့် ဒေသများကို အကွက်အလိုက်၊ နယ်မြေအလိုက် သတ်သတ်မှတ်မှတ်စုစည်းကာ ဌာနပေါင်းစုံ စုဖွဲ့ကွင်းဆင်း၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မည့်နည်းများကို တွေးတောကြံဆ ဆောင် ရွက်ကြရန်လိုကြောင်း၊ ယခု ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကော်မတီ အသီးသီးမှ တာဝန်ရှိသူများကလည်း စီမံချက်လုပ်ငန်း ဆောင်ရွက်များနှင့်ပတ်သက်၍ လက်ရှိကြုံတွေ့နေရ သည့် အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းနှင့် အကြံဉာဏ်များ၊ လုပ်နည်းလုပ် ဟန်များကို အကြံပြုသုံးသပ် ဆွေးနွေးပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဌေးလှိုင် နှင့် အဖွဲ့ဝင်များ ညှိနှိုင်းပေါင်းစပ်ရေးလုပ်ငန်းကော်မတီ၊ မီဒီယာလုပ်ငန်း ကော်မတီ၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက် သတ်မှတ်ကာလ အတွင်း လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီ အစဉ်များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အကြံပြုဆွေးနွေးတင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်အပြင်၊ e-ID စနစ်ဆိုင်ရာကိစ္စရပ်များ၊ သန်းခေါင်စာရင်း ကောက်ယူရေး ဆိုင်ရာ ကိစ္စရပ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ ပန်းခင်းစီမံချက်ကို သတ်မှတ် ကာလအတွင်း လျာထား ချက်အတိုင်း အောင်မြင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုကို မျက်ခြေမပျက်စောင့်ကြည့်ကာ အားလုံးက မဖြစ်မနေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)