ဒီမိုကရေစီအရေခြုံ အကြမ်းဖက်ဝါဒီများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီမိုကရေစီအရေခြုံ အကြမ်းဖက်ဝါဒီများ


ဖေဖော်ဝါရီလ ၁ရက်နေ့က ဖျာပုံမြို့နယ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှစ်ပတ်လည်နှင့် တပ်မတော်ထောက်ခံပွဲ အခမ်းအနား ကျင်းပရာမှာ လာရောက်ဟောပြောဖို့ ဖိတ်ခေါ်ပါတယ်။ လာခံပါမယ်လို့ ကတိပေးထားပြီး ဆရာတော် အရှင်ပညာဝံသကိုပါ ဖိတ်ကြားဖို့ တစ်ယောက်တည်းဟောပြောရတာ အဆင်မပြေကြောင်း ပြောလိုက်ပါတယ်။ ဆရာတော် အရှင်ပညာဝံသ နဲ့ စာရေးသူ နှစ်ယောက် ဟောရပါမယ်။ ကျိုက်လတ်က ဇန်နဝါရီလ (၃၁)ရက်နေ့ မှာ လုပ်မှာ။ လာဟောပြောပေးပါဆိုပြီး ဖျာပုံက လူတွေနဲ့ ချိတ်ဆက်လာတယ်။ ၂ပွဲလုံး ဆရာတော်ဦးပညာဝံသနဲ့ စာရေးသူ တို့ ဟောခဲ့ကြပါတယ်။ ကျိုက်လတ်မြို့မှာတော့ နံနက်ခင်း အေးအေးလူလူဆိုတော့ ပြည့်ပြည့်စုံစုံ ဟောပြောခွင့်ရခဲ့ပါတယ်။ ဖျာပုံမြို့မှာ ဟောပြောတော့ ပရိတ်သတ်က နေပူထဲမှာ ဖြစ်နေတဲ့အတွက်ကြောင့် အတတ်နိုင်ဆုံး အကျဉ်းချုံးပြီး ဟောလိုက်ရပါတယ်။

နှစ်ပွဲလုံးရဲ့ ဟောပြောချက်တွေကတော့ သိပ်မကွာပါဘူး။ ဒီဆောင်းပါးမှာ ဆရာတော်အရှင်ပညာဝံသရဲ့ ဟောပြောချက်ထဲက ထုတ်နှုတ်ပြဆိုချင်တာကတော့ ဆရာတော်က "တပ်မတော်ဆိုတာ ပြည်သူတွေအတွက်ဆိုရင် ထီး၊ နိုင်ငံအတွက်ဆိုရင် စည်း၊ ရန်သူတွေအတွက်ဆိုရင်တော့ မီး တဲ့။ ဆရာတော် ရှင်းပြမယ်။ တပ်မတော်သားတွေက ပြည်သူတွေ ဘေးအန္တရာယ်နဲ့ ကြုံတွေ့လာပြီဆိုရင် ထီးလို ကာကွယ်မပေးဘူးလား။ နိုင်ငံတော်အတွက်ဆိုရင် နိုင်ငံတော်ရဲ့ စည်းကို လုံခြုံအောင် မကာကွယ်ပေးဘူးလား။ အေး တိုင်းပြည်နဲ့ လူမျိုးကို ရန်ပြုစော်ကားလာတဲ့ ရန်သူတွေဆိုရင်တော့ တပ်မတော်ဟာ မီလိုပူတယ်။ ရန်သူတွေဆိုရင် ခြေမှုန်းရမယ်မှတ်လား။ ရန်သူတွေအတွက် တပ်မတော်ဟာ မီးလိုဖြစ်မနေဘူးလား။" လို့ မိန့်ကြားသွားပါတယ်။ ဆရာတော်ရဲ့ ထီး၊ စည်း၊ မီး ဟောပြောချက်ထဲက ကောက်နှုတ်ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

၂ပွဲစလုံးမှာ ဆရာတော်က သြဝါဒမိန့်ကြားပြီးမှ စာရေးသူက နောက်ကနေ ဟောပြောပါတယ်။ ကျိုက်လတ်၊ ဖျာပုံ နှစ်ပွဲစလုံးမှာ အဓိက ထည့်သွင်းဟောပြောဖြစ်တာကတော့ NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ တိုင်းတပါး လက်ပါးစေ ပြည်ပြေး (ဝရမ်းပြေး)တွေဟာ သူတို့ရဲ့ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေကို ဒီမိုကရေစီအရေးတော်ပုံလို့ ခေါင်းစဉ်တပ်ထားတယ်။ ဆိုပါရင် ဒီမိုကရေစီ အရေးတော်ပုံလို့ ခေါင်းစဉ်တပ်ပြီး တော်လှန်ရေးလုပ်နေတဲ့ သူတွေရဲ့ လုပ်ရပ်တွေက ဒီမိုကရေစီစံနှုန်းနဲ့ ညီရဲ့လား။ 

ဒီမိုကရေစီစံနှုန်းတွေက ဘာတွေလဲ မေးရင် -

(၁) နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမည်၊ (၂) သာတူညီမျှ ရှိစေရမည်၊ (၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည်၊ (၄) တာဝန်ယူမှု ရှိရမည်၊ (၅) ရိုးသားပွင့်လင်းမှု နှင့် ထင်သာမြင်သာမှု ရှိစေရမည်၊ (၆) ပုံမှန်လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးချယ်တင်မြှောက်ခွင့်ရှိရမည်၊ (၇) စီးပွားရေး လွတ်လပ်ခွင့်ရှိရမည်၊ (၈) အာဏာ အလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရမည်၊ (၉) လူ့အခွင့်အရေး ကြေညာစာတမ်းများ ထုတ်ပြန်ထားရှိရမည်၊ (၁၀) ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်ထားသော ရလဒ်များအား လက်ခံနိုင်ရမည်၊ (၁၁) လူ့အခွင့်အရေး ထိန်းသိမ်းရမည်၊ (၁၂) ပါတီစုံ စနစ်ကျင့်သုံးရမည်၊ (၁၃) ဥပဒေကို လေးစားလိုက်နာကြရမည် လို့ ဆိုပါတယ်။

NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ ပြည်ပြေး(ဝရမ်းပြေး)တွေရဲ့ လုပ်ရပ်တွေဟာ အထက်မှာ ပြဆိုထားတဲ့ ဒီမိုကရေစီစံနှုန်းထဲက ဘယ်အချက်ကို လေးစားလိုက်နာသလဲ။ ဒီမိုကရေစီစံနှုန်းနဲ့ ညီညွတ်တဲ့ လုပ်ရပ် ဘာတွေ ရှိသလဲ။ အာဏာရှိစဉ်ကလည်း ဒီမိုကရေစီစံနှုန်းတွေကို အလေးမထားခဲ့သလို အာဏာလက်မဲ့ ဖြစ်သွားတော့ ပိုပြီးတော့ အရုပ်ဆိုးအကျည်းတန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်လာကြတယ် မဟုတ်ပါလား။

(၁) နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမည် - ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းဟာ သတ်မှတ်ချက်နဲ့ ညီညွတ်ရင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိတယ်။ မဲပေးခွင့်လည်း ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရဖို့ အခွင့်အရေးပေးထားပြီးသား။ နိုင်ငံသားတိုင်း ရဲ့ ပါဝင်ဆောင်ရွက်ခွင့်ကို အာဏာရူးပြီး မဲလိမ် မဲခိုး လုပ်ရပ်နဲ့ အရုပ်ဆိုးအကျည်းတန်စေခဲ့တာ NLD ပဲ မဟုတ်ပါလား။

(၂) သာတူညီမျှ ရှိစေရမည် - ရှည်ရှည်ဝေးဝေး ပြောမနေပါနဲ့။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို အကြောင်းပြပြီး ဘယ်ပါတီမှ စည်းရုံးရေးဆင်းခွင့်မရဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူက နေပြည်တော်မှာ လူရာထောင်ချီပြီး စည်းရုံးရေးဆင်းခဲ့လို့ အမှုဖွင့်တိုင်ကြားခြင်း ခံခဲ့ရတယ် မဟုတ်ပါလား။ သာဓက တစ်ခုအနေနဲ့ ပြောမယ်ဆိုရင် လယ်ဝေးမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်က ရွာတွေကို စည်းရုံးရေးဆင်းတော့ NLD ဆင်းပြီးသား ရွာမို့လို့ ဆင်းခွင့်မပြုပါဘူးတဲ့ဗျာ။ သာတူညီမျှ စိတ်ဓာတ် NLDတွေမှာ ရှိ/ မရှိ စဉ်းစားကြည့်ကြတော့။

(၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည် - အခု NLD တွေ လုပ်နေတဲ့ ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ် အစရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကြည့်လိုက်ကြတော့။ နိုင်ငံရေးရာ သည်းခံစိတ် ဘယ်လောက်အထိ ခေါင်းပါးနေသလဲ။ မဲလိမ် မဲခိုးလို့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိန်းသိမ်းရတယ်။ ဒါကို တပ်ကပဲ အာဏာလုယူသယောင် ပြည်သူတွေကို မှိုင်းတိုက်ပြီး အကြမ်းဖက်မှုတွေဖြစ်အောင်အထိ ဝါဒဖြန့်လှုံ့ဆော်ခဲ့ကြတဲ့ NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ ပြည်ပြေး (ဝရမ်းပြေး)တွေမှာ နိုင်ငံရေးရာသည်းခံစိတ် ရှိ / မရှိ။

(၄) တာဝန်ယူမှု ရှိရမည် - မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ထားပါတယ်လို့ ပြောတယ်။ တာဝန်ယူ တာဝန်ခံပြီး မဖြေရှင်းဘူး။ မလိမ့်တပတ်လုပ်ပြီး အာဏာသက်တမ်းတိုးဖို့ ကြိုးစားလာတဲ့ NLD အစွန်းရောက်တွေ ပြောပြောနေတဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဘာလဲ။ 

(၅) ရိုးသားပွင့်လင်းမှု နှင့် ထင်သာမြင်သာမှု ရှိစေရမည် - ရိုးသားပွင့်လင်းမှုရှိမယ်ဆိုရင် မဲလိမ် မဲခိုး ဘယ်လုပ်မလဲဗျာ။ ပြည်သူ့ဆန္ဒအမှန်ကို လက်ခံရမှာပေါ့။ မရိုးသားလို့ မဲလိမ်မဲခိုး လုပ်တယ်။ 

(၆) ပုံမှန်လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးချယ်တင်မြှောက်ခွင့်ရှိရမည် - တရားမျှတမှု မရှိလို့ ပြည်သူတွေက ဆန္ဒပြ၊ ပါတီတွေက တိုင်ကြားတာတယ်။ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲမဟုတ်ကြောင်း ပြောခဲ့ကြတာပေါ့။

(၇) စီးပွားရေး လွတ်လပ်ခွင့်ရှိရမည် - အခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုတော့ မပြောတတ်ဘူး။ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က သူ့ကို ကပ်မြှောင်ဖားလုပ်နေတဲ့ လုပ်ငန်းရှင်တွေကို နိုင်ငံတော်ပိုင် မြေကွက်တွေ ဈေးချိုချိုနဲ့ ချပေးပြီး စက်သုံးဆီဈေး လျှော့ရောင်းပေးပါမယ်ဆိုပြီး လုပ်ခဲ့တာကစလို့ စီးပွားရေးကို ကမောက်ကမဖြစ်အောင် လိုက်ပြီး ခြယ်လှယ်ခဲ့တာလဲ သူတို့တွေပါပဲ။ မြို့သစ်စီမံကိန်းဆိုပြန်တော့လည်း အစိုးရကကုမ္ပဏီမှာ အစုရှယ်ယာတွေဝင်ပြီး စီးပွားရှာဖို့ လုပ်ခဲ့တာလည်း သူတို့တွေပါပဲ။

(၈) အာဏာ အလွဲသုံးစားလုပ်မှုများ  မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရမည် - အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာမှုတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်အမတ်အားလုံး လုပ်ခဲ့ကြတာပဲ။ အခုပဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုသူကို တရားစွဲဆိုထားတဲ့အထဲမှာ အဂတိလိုက်စားမှု (၄)မှု ပါတယ်။ အာဏာအလွဲသုံးစားလုပ်လို့ အဂတိလိုက်စားမှုနဲ့ ငြိတယ်လို့ မှတ်ပါလေ။

(၉) လူ့အခွင့်အရေး ကြေညာစာတမ်းများ ထုတ်ပြန်ထားရှိရမည် - သူတို့ကို တခုခုထိပြီဆိုရင်တော့ လူ့အခွင့်အရေးချိုးဖောက်ခံနေရပါပြီလို့ ဖင်ဖြဲပြီး အော်ကြပါလိမ့်မယ်။ အခု ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ်တွေ၊ လူ့အခွင့်အရေးကို အလွန်အမင်း ချိုးဖောက်ပြီး လုပ်ကြံသတ်ဖြတ်နေတာ ဘယ်သူတွေလဲ။ စဉ်းစားမနေနဲ့။ NLD အစွန်းရောက်တွေပါပဲ။

(၁၀) ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်ထားသော ရလဒ်များအား လက်ခံနိုင်ရမည် - အထက်မှာလည်း ပြောခဲ့ပြီးပါပြီ။ ပွင့်လင်းမြင်သာပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့မယ်ဆိုရင် တပ်မတော်က အာဏာထိန်းစရာလည်း မလိုသလို ဒီမိုကရေစီ ခရီးလမ်းမှာ အကောက်အကွေ့တွေလည်း ဖြစ်ပေါ်လာစရာ မရှိပါဘူး။ ဒီမိုကရေစီကို ပါးစပ်ဖျားက မချ အော်ပြီး ဒီမိုကရေစီစံနှုန်းတွေကို အလေးမထားဘဲ တစ်ပါတီ အာဏာရှင်စနစ်ကို ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ မဲလိမ်မဲခိုးပြီး အစိုးရဆက်လုပ်ခွင့်မရတော့ အလုံးစုံပျက်သုဉ်းရေးအတွက် ဝါဒဖြန့်လှုံ့ဆော်တယ်။ NLD တွေလောက် ယုတ်မာကောက်ကျစ်စဉ်းလဲသော နိုင်ငံရေးအယုတ္တမာမျိုးတွေ မြန်မာ့နိုင်ငံရေးမှာ နောက်ထပ်ပေါ်ပေါက်မလာပါစေနဲ့လို့ ဆန္ဒပြုမိပါတယ်။

(၁၁) လူ့အခွင့်အရေး ထိန်းသိမ်းရမည် - NLD တွေက ဒီမိုကရေစီအရေခြုံသက်သက်မဟုတ်ဘူး။ လိုအပ်ရင် လူ့အခွင့်အရေး အရေခွံကိုလည်း ခြုံလိုက်တာပါပဲ။ သူတို့အတွက် လိုအပ်တဲ့အခါမျိုးမှာပေါ့။ သူတပါးအပေါ်ကိုကြတော့ ဒီမိုကရေစီစံနှုန်းလည်း အလေးမထားဘူး။ လူ့အခွင့်အရေးလည်း ထည့်မစဉ်းစားဘူး။ သူတို့ကို မယုံကြည်၊ မထောက်ခံရင် ဒလန်ဆိုပြီး လုပ်ကြံသတ်ဖြတ်နေတဲ့ NLD အစွန်းရောက်တွေရဲ့ လုပ်ရပ်ဟာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်တွေနဲ့ ကိုက်ညီရဲ့လား အဖြေရှာကြည့်ကြပေတော့။

 (၁၂) ပါတီစုံ စနစ်ကျင့်သုံးရမည် - သူတို့ပဲ ပါတီစုံဒီမိုကရေစီစနစ်ကို အော်ခဲ့ကြတယ်။ ဟော အခုတော့ တစ်ပါတီ ကြီးစိုးနိုင်ရေးအတွက် မဲလိမ်မဲခိုးပြီး အာဏာယူဖို့ ကြိုးစားခဲ့တဲ့ နိုင်ငံရေးသမိုင်းထဲက အမဲကွက်ကြီးက ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖတ်မှုတွေနဲ့ ဖုံးကွယ်လို့ မရပါဘူး။

(၁၃) ဥပဒေကို လေးစားလိုက်နာကြရမည် - ဥပဒေကို မလေးစားလို့ အဂတိလိုက်စားတာ၊ ဥပဒေကို မလေးစားလို့ မဲလိမ်မဲခိုးတာ။ အာဏာမရခင်က သူတို့ပဲ ဥပဒေစိုးမိုးရေးအလေးထား လုပ်ဆောင်ရမယ်လို့ တဖွဖွပြောပြီး လက်တွေ့ အာဏာရလာတော့ ဥပဒေမဲ့ အလုပ်တွေကို သူတို့ပဲ လုပ်ခဲ့ကြတာ။

ဒီမိုကရေစီအရေးတော်ပုံအော်ပြီး ဆူပူအကြမ်းဖက်နေကြတဲ့ နီပိန်းလေးတွေကို ဒီမိုကရေစီစံနှုန်းဆိုတာတွေကိုရော သိရဲ့လားလို့ မေးကြည့်ကြပါအုံး။ ထင်ရာစိုင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုတွေကို ဘယ်ဒီမိုကရေစီက ခွင့်ပြုထားလေသလဲလို့။ အလုပ်တစ်ခုကို လုပ်ရင် ယုတ္တိရှိအောင် လုပ်ကြစမ်းပါ။ ဒီမိုကရေစီ အော်ချင်ရင် ကိုယ်တိုင် ဒီမိုကရေစီစံနှုန်းနဲ့ ညီအောင်နေကြ။ လူ့အခွင့်အရေး အော်ချင်ရင် ကိုယ်တိုင် လူ့အခွင့်အရေးကို အပြည့်အဝနားလည်အောင် ကြိုးစားပြီး လိုက်နာပါ။ နီပိန်းတွေက ဒီမိုကရေခြုံသက်သက်ပါပဲ။ လူ့အခွင့်အရေးအရေခြုံ သက်သက်ပါပဲ။

ကျိုက်လတ်၊ ဖျာပုံပွဲမှာ ဟောပြောခဲ့တဲ့ မှတ်တမ်းလေးကို အမှတ်ရလို့ ပြန်လည်မျှဝေတာပါ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတာတွေမှာ စံနှုန်းတွေ၊ ကျင့်ဝတ်တွေ၊ အနှစ်သာရတွေ ရှိပါတယ်။ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်နေမှုတွေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတာတွေက လုံးဝမအပ်စပ်တဲ့ အရာတွေဖြစ်ကြောင်း သိရှိနားလည်ကြပါစေ။

နောင်တော်လေး (ဘိုကေလး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)