ဟိုပန်၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးအခမ်းအနား ကျင်းပ


MNP - ဖေဖော်ဝါရီ     ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် မြို့နယ်သံဃနာယက အဖွဲ့ဝင်များ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကောင်းဟုန်းရပ် ရပ်ကွက်ရှိ မဟာစည်ရိပ်သာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို "နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ပြီး အစည်းအဝေး သဘာပတိ ဆရာတော် ပြည်နယ်သံဃာ့နာယက ကြီးကြပ်ရေးအဖွဲ့ဝင် သဒ္ဓမ္မပါလကျောင်းတိုက်၊ ကျောက်မဲမြို့မှ ဘဒ္ဒန္တ ဣဿရိယ ဆရာတော်က အစည်းအဝေးဖွင့် ဩဝါဒကထာ မြွက်ကြားခဲ့၍ အခမ်းအနားမှူးဆရာတော်ဖြစ်သည့် ပြည်နယ်သံဃနာယက အဖွဲ့ဝင် ကွတ်ခိုင်မြို့၊ ကေဝလမာန်အောင် ရှမ်းကျောင်းတိုက်မှ ဘဒ္ဒန္တ ရာဇိန္ဒ ဆရာတော်က ဟိုပန်မြို့နယ် သံဃာ့နာယက အဖွဲ့ဝင်များ အနားယူခြင်းဆိုင်ရာ များနှင့် မြို့နယ်သံဃနာယကအဖွဲ့ အဆင့်ဆင့် ရွေးချယ်ရခြင်းဆိုင်ရာများကို ရှင်းလင်းလျှောက်ထားခဲ့သည်။

ဆက်လက်၍ ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးရဲဝင်းထိုက်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားတင်ပြခဲ့ပြီး၊ သဘာပတိဆရာတော်က အနားယူသွားသော ဆရာတော်ကြီးများနေရာတွင် အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃနာယက ဆရာတော်ဘွဲ့အမည် စာရင်းများကို အစည်းအဝေးသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းလျှောက်ထားကာ တက်ရောက်လာ ကြသည့် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များက လျှို့ဝှက်ဆန္ဒခံယူခဲ့ကြပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌ တစ်ပါး၊ အကျိုးတော်ဆောင် တစ်ပါးနှင့် အဖွဲ့ဝင်ဆရာတော် သုံးပါး တို့ကို အသစ်ပြန်လည်ဖွဲ့စည်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ကြွရောက်လာ ကြသော ဆရာတော်၊ သံဃာတော်များက"ဗုဒ္ဓ သာသနံ စိရံ တိဌတု" သုံးကြိမ်ရွတ်ဆိုပြီး အစည်းအဝေးပြီးဆုံးကြောင်း ကြေညာခဲ့ကာ အစည်းအဝေးသို့ကြွရောက်တော် မူလာကြကုန်သော ဆရာတော်များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ် သာသနာရေးမှူး ဦးချမ်းငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ဇင်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)