ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးနှင့် ပန်းခင်း စီမံချက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက် အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးနှင့် ပန်းခင်း စီမံချက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက် အမှာစကားပြောကြား

 


MNP - ဖေဖော်ဝါရီ     ၅

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားသည် (၇၅)နှစ်မြောက် စိန်ရတုပြည့်မြောက်ပြီဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်တွင် ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့ ပြည်နယ်တွင်လည်း စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ခမ်းနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဆပ်ကော်မတီ အသီးသီးအနေဖြင့် လိုအပ်သည်များ ကြိုတင် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ကော်မတီအလိုက် တာဝန်ယူ ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းဆောင်ရွက်ရာ၌ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ သီချင်းဆိုပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများတွင်  ဆုများချီးမြှင့်ပေးအပ်သွားမည့် အစီအစဉ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများ နှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးစသည့် အချက်များအား  ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က  အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ဆပ်ကော်မတီအလိုက် လုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်ရေး လမ်းညွှန် မှာကြားပြီး လိုအပ်သည်များအား  ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်အဆင့် ပန်းခင်း စီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်အဆင့် ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပန်းခင်း စီမံချက်သည် နိုင်ငံတော်စီမံချက်ဖြစ်သလို မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ကချင် ပြည်နယ်အနေဖြင့် ၆၄ ရာခိုင်နှုန်း ခန့်ပြီးစီးပြီဖြစ်ပါကြောင်း၊ စီမံချက်လုပ်ငန်းများ သတ်မှတ်ရက်အတိုင်း ဆောင်ရွက် ပြီးစီးနိုင်ရေး ဆပ်ကော်မတီအသီးသီးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ပြည်နယ်အဆင့် ကော်မတီအတွင်း‌ရေးမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း က ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် မြို့နယ်များတွင် လအလိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများ၊ Data Base ဖြည့် သွင်းခြင်းဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲကော်မရှင်သို့ စာရင်းများ လွှဲပြောင်းပေးနိုင်မှု အခြေအနေများနှင့် ဆက်လက်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက် နေမှုများ၊ လိုအပ်ချက်များနှင့် ဖြည့်ဆည်းဆောင်ရွက် ပေးသင့်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို သုံးသပ်အကြံပြု ဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက် အချိန်မီ အောင်မြင်အောင် ပြီးစီးနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်း ပူးပေါင်း၍ ညှိနှိုင်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)