MNP ၊ ဖေဖော်ဝါရီ ၁၆
(၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့အခမ်းအနားကိုယနေ့နံနက် ၇ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ရှေ့ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာ၊ မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ၊ ဦးမင်းနိုင် တို့က (၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့အထိမ်းအမှတ် မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီးတက်ရောက်လာသောဧည့်သည်တော်များအား မွန်ရိုးရာတပင်တိုင် အကဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။
ထို့နောက်အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင်ကျင်းပပြုလုပ် ခဲ့သော မွန်တိုင်းရင်းသား၊ ရဟန်းရှင်လူ၊ ပြည်သူများပါဝင်သည့် လူထုအစည်းအဝေးကြီးတွင် နှစ်စဉ် တပို့တွဲလပြည့်ကျော် (၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် ကျင်းပရန် ဆုံးဖြတ်ချက်အရ အတည်ပြုခဲ့ကြပြီး မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ (၇၅)ကြိမ်မြောက် ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများအနက် သမိုင်းအစဉ်အလာကြီးမားပြီးခိုင်မာသည့် ယဉ်ကျေးမှုများကို ပိုင်ဆိုင်ထားရှိသည့် မွန်တိုင်းရင်းသားများအနေဖြင့် မွန်အမျိုးသားနေ့သတ်မှတ်ကျင်းပရခြင်းမှာ မွန်အမျိုးသားများအတွက်သာမက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက်ပါ အရေးကြီးသည့် ကိစ္စတစ်ရပ်ဟု ဆိုရမည်ဖြစ်ကြောင်း၊ မိမိတို့လူမျိုးများ အနေဖြင့် သွေးမကွဲ ရန်၊ အချင်းချင်းစည်းလုံးညီညွတ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကြရန်၊ လိုအပ်သလို တစ်ဖွဲ့နှင့် တစ်ဖွဲ့ ပူးပေါင်းလုပ် ကိုင်ဆောင်ရွက်ပြီး မာန်မာနများ ဖြေလျော့၍ အဖွဲ့အစည်း တစ်ခုတည်းဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊မိမိတို့လူမျိုးအချင်းချင်းချစ်ခင်မြတ်နိုးရန်နှင့်မိမိတို့အမျိုးအနွယ်ကို ထိန်းသိမ်းစောင့် ရှောက်ရန်မွန်လူမျိုးတိုင်းတွင်တာဝန်ရှိကြောင်း၊မိမိတို့မွန်လူမျိုးကမ္ဘာ့တည်သရွေ့ထာဝရတည်တံ့သွားနိုင်ရေးမွန်လူမျိုးတိုင်း ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအောင်မြင့် မှ (၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား တိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာ က ဖတ်ကြားပြီး မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ၊ ဦးမင်းနိုင် က မွန်အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း အားရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ အစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ နှင့် မွန်လူမျိုးများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment