MNP ၊ ဖေဖော်ဝါရီ ၁၅
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ပါဝင်ခဲ့ကြသော အရာထမ်း၊ အမှုထမ်းများ အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စုအလံ ကြိုဆိုရေးအဖွဲ့နှင့် ဝန်းရံသူများ၊ ချီတက်ဂုဏ်ပြုခဲ့ကြသော အရာထမ်း၊ အမှုထမ်းများ၊ ပံ့ပိုးကူညီခဲ့ကြသော အုပ်ချုပ်မှုအဖွဲ့နှင့် အထောက်အကူပြု အရံအဖွဲ့များအားလုံးကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း။
ပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ဌာန အနေဖြင့် အောင်မြင်မှုရရှိခဲ့ပြီး အဆိုပါအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ပါ ကြောင်း၊ Team Work ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် “စုပေါင်းညီညာအောင်ကြောင်းဖြာ”ဆိုသည့် စကားနှင့်အညီ အောင်မြင်မှုရရှိခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ အားလုံး စည်းလုံး ညီညွတ်မှ တိုင်းပြည်အေးချမ်းမည်၊ တိုင်းပြည်အေးချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ခွင့်ရခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်ပါ ကြောင်း၊ နောင်နှစ်များတွင်လည်း ယခုကဲ့သို့ အခွင့်အခါကြုံပါက အင်တိုက်အားတိုက် အားသွန် ခွန်စိုက်ဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိကထား၍ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ရာ အရာထမ်း၊ အမှုထမ်းများကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာအယ်လ် တူးမိန်းဂေါင်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က လက်ခံရယူခဲ့ကြသည်။
ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများကိုယ်စား ညွှန်ကြားရေးမှူး ဦးရဲမြတ်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စစ်ရေးပြဂုဏ်ပြု ချီတက်ပွဲတွင် ပါဝင်ခဲ့သော အမျိုးသားအရာထမ်းတစ်ဦးနှင့် အမျိုးသမီးအရာထမ်းတစ်ဦးတို့က လေ့ကျင့်ရေး ကာလ တစ်လျှောက် အတွေ့အကြုံများကို မျှဝေတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ဝန်ထမ်းများကို နေ့လယ်စာဖြင့် ဂုဏ်ပြုကျွေးမွေးခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment