ကျပ်သန်း ၁၂၀၀၀ကျော် အကုန်အကျခံ ဆောက်လုပ်ခဲ့သည့် ရန်ကုန်- စစ်တွေ လမ်းပေါ်ရှိ ရာမောင်တံတားဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျပ်သန်း ၁၂၀၀၀ကျော် အကုန်အကျခံ ဆောက်လုပ်ခဲ့သည့် ရန်ကုန်- စစ်တွေ လမ်းပေါ်ရှိ ရာမောင်တံတားဖွင့်လှစ်




MNP ၊ ဖေဖော်ဝါရီ ၅            

(၇၅)နှစ်မြောက်၊ ပြည်ထောင်စုနေ့ (စိန်ရတု) ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အတွင်း ရန်ကုန်-စစ်တွေသွားကားလမ်းပေါ်တွင်  အသစ်တည်ဆောက်ပြီးသည့်  ရာမောင်တံတား ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 

    

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြောက်ဦးခရိုင်၊ မင်းပြား မြို့နယ်တွင်ရှိပြီး ၁၂၈၃ ဒသမ ၃ ပေရှည်သည့် ရာမောင် တံတားကို ရခိုင်ပြည်နယ်ရဲ့ Land Mark အဖြစ် အခြားတံတား ဒီဇိုင်းများနှင့်မတူဘဲ Steel Box Ginder Type ပုံစံဖြင့် တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံများနှင့်အတူ ထပ်တူထပ်မျှဝမ်းသာ ကြည်နူးရပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက တံတားတည်ဆောက် ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

    

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။ ၎င်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရာမောင်တံတားဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်အဖြစ် ကျောက်စီပန်းချီကားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း ထံ ပေးအပ်သည်။ 

    

ဆက်လက်၍ ရာမောင်တံတားအသစ်ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကဗ္မည်းဆိုင်း ဘုတ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။ ထို့နောက် အဖွဲ့ဝင်များက တံတားပေါ်သို့ လှည့်လည်ကြည့်ရှုကြပြီး ရခိုင် ယဉ်ကျေးမှုအကအဖွဲ့နှင့် ရခိုင်စည်တော်အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီး မြှင့်၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ 

    

အဆိုပါရာမောင်တံတားအသစ်ကြီးကို မင်းပြားမြို့နယ်အတွင်း လေးမြို့မြစ်ကို ဖြတ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေး(၂)၏ တံတားအထူး အဖွဲ့(၇)က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည် ၁၂၈၃ ဒသမ ၃ ပေ ရှိ၍ ခန့်မှန်းစီမံကိန်းတန်ဖိုး ၁၂၀၀၀ ဒသမ ၀၀ ကျပ်သန်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ရာမောင်တံတားသစ်ကို အသုံးပြု၍ ရန်ကုန်-စစ်တွေလမ်းမှ တစ်ဆင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမှ စစ်တွေမြို့သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့လည်းကောင်း အလွယ်တကူသွားလာနိုင်မည်ဖြစ် သကဲ့သို့ မောင်တောမြို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များကို အလွယ်တကူ တင်ပို့နိုင်မည်ဖြစ်ကြောင်းနှင့် မင်းပြားမှတစ်ဆင့် ပေါက်တောမြို့နှင့် မြေပုံမြို့သို့လည်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်၍ ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီး ရခိုင်ပြည်နယ် နှင့် ဒေသ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအခြေအနေများ တိုးတက် ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)