အပြစ်မဲ့ ပြည်သူတစ်ဦးကို ဒုက္ခိတဖြစ်အောင် ရက်စက်ယုတ်မာခဲ့သူများအပေါ်တွင် ဥပဒေစိုးမိုးပါစေသား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြစ်မဲ့ ပြည်သူတစ်ဦးကို ဒုက္ခိတဖြစ်အောင် ရက်စက်ယုတ်မာခဲ့သူများအပေါ်တွင် ဥပဒေစိုးမိုးပါစေသား





ယခုကာလသည် နိုင်ငံရေးရှုပ်ထွေးနေသည့်ကာလ ကိုယ်ကျိုးရှာအမြတ်ထုတ်လိုသူများအတွက် အာဏာအလွဲသုံးစားလုပ်၍ ပြည်သူကို ညှဉ်းပမ်းနှိပ်စက်လိုသူများအနေဖြင့် မလိုလားအပ်သော ခေါင်းစဉ်များ တပ်၍ ပြည်သူကို နှိပ်စက်ညှဉ်းပမ်းနိုင်သော ကာလလည်း ဖြစ်ပါတယ်။ 


အကြောင်းအရာကို မဖော်ပြမီ မြန်မာနေရှင်ပို့စ်ရဲ့ ရပ်တည်ချက်ကို ပြောလိုပါတယ်။ မြန်မာနေရှင်နယ်ပို့စ်ဟာ ဘယ်တုန်းကမှ အကြမ်းဖက်အားပေး မလုပ်ခဲ့ဘူး။ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်လှုပ်ရှားသူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ကိုပဲ အချိန်နဲ့တပြေးညီ တင်ပြတိုက်တွန်းခဲ့ပါတယ်။ အခု ရေးသားဖော်ပြမည့် အကြောင်းအရာပါ မင်းဘူးမြို့မှ ဦးဟန်ထွန်းသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်သူ၊ CDM လှုံ့ဆော်သူ မှန်ပါက မြန်မာနေရှင်နယ်ပို့စ်အနေဖြင့် ဦးဟန်ထွန်းအတွက် ရပ်တည်ရေးသားမည်မဟုတ်သလို ဦးဟန်းထွန်းကို အရေးမယူလျှင် အရေးယူသည်အထိ ဖော်ထုတ် ရေးသားမှာ ဖြစ်ပါတယ်။


မင်းဘူးမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာကတော့ CDM လှုံ့ဆော်သူမဟုတ်တဲ့ တပ်မတော်သား (အငြိမ်းစား) တစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ဘယ်လိုအညှိုးအတေးတွေ ထားပြီးတော့များ ယုတ်မာရက်စက်လေသလဲ မသိပါဘူး။ ဦးဟန်ထွန်းဟာ အခြားသူတွေ အကူအညီလိုအပ်တဲ့ ကိစ္စတချို့မှာ ကူညီဆောင်ရွက်ပေးခဲ့တာတွေ ရှိတယ်။ သူကူညီဆောင်ရွက်ပေးတဲ့ ကိစ္စတွေမှာ ရဲက အလိုမကျခဲ့တာတွေ ရှိခဲ့ဖူးမယ်။ ဒါတွေကို အကြောင်းပြုပြီး ဦးဟန်ထွန်းကို ရဲအရာရှိဆိုသူများက ညှိုးထားဟန်တူပါရဲ့။ နိုင်ငံရေးအရှုပ်အထွေးကာလနဲ့ ရောပြီး ဦးဟန်ထွန်းကို အမှုဆင်ပါပြီ။


ခိုးမှုကိစ္စတစ်ခုကို အကြောင်းပြပြီး ဦးဟန်းထွန်းနဲ့ သူငယ်ချင်းဖြစ်သူကို ဖမ်းပါတယ်။ ဖမ်းပြီးတော့ သီးခြားခွဲထားပြီး ရိုက်နှက်နျိပ်စက်ကြပါတယ်။ ပုဂ္ဂိုလ်ရေး အညှိုးတွေနဲ့ပေါ့။ နောက်တော့ ဦးဟန်ထွန်းရဲ့ ဖုန်းကို သွားသိမ်းဆည်းတယ်။ ထပ်ပြီး အမှုကြီးအောင် လုပ်ပါပြီ။ ဦးဟန်ထွန်းရဲ့ facebook အကောင့်မှာ ဦးဟန်ထွန်းက ဧရာဝတီသတင်းဌာနက တင်တဲ့ post တစ်ခုကို ဘာမှ မရေးဘဲ Share ခဲ့ပါတယ်။ အဲဒီ post ကို ရဲအရာရှိများက CDM မြောက်မယ့် အရေးအသားမျိုး Edit လုပ်ပြီး ရေးလိုက်ပါတယ်။ ပြီးတော့ ဦးဟန်ထွန်းကို CDM လှုံ့ဆော်သူဆိုပြီး ၅၀၅-က ပုဒ်မတပ်ပြီး ထောင်ကို ပို့လိုက်ပါတယ်။


ဦးဟန်ထွန်းနဲ့ သူ့ရဲ့ သူငယ်ချင်းရဲ့ အဖြစ်က ယုတ်မာတဲ့နေရာမှာ NLD အကြမ်းဖက်သမားတွေထက် ယုတ်မာသူတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခြေအနေမျိုးပါ။ ဒါကို အမျိုးသမီးကလည်း နှုတ်ဆိတ်မနေဘဲ မိမိရဲ့ ခင်ပွန်းအတွက် အမှုမှန် ပေါ်ပေါက်ဖို့၊ အပြစ်မဲ့ ပြည်သူတစ်ဦးအပေါ် ရဲအရာရှိများက စနစ်တကျ ယုတ်မာခြင်းဖြစ်ကြောင်း ပေါ်လွင်အောင် တိုင်ကြားခဲ့တယ်။ တာဝန်ရှိသူတွေသာ ဥပဒေကို လေးစားတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးတယ်ဆိုရင် မီဒီယာပေါ်လည်း ရောက်လာစရာ မလိုဘူး။ အပြစ်မဲ့ ပြည်သူတစ်ဦးပေါ် မင်းမဲ့ စရိုက်ဆန်ဆန် ပြုကျင့်စော်ကားမှုမျိုးလည်း ခံရမှာ မဟုတ်ပါဘူး။ မင်းမဲ့ စရိုက်ဆန်ဆန် ပြုမူနေတဲ့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေထက် ယုတ်မာတယ်လို့ ပြောရတာက ကူညီပါရစေဆိုတဲ့ ဆိုင်းဘုတ်ကြီး ကပ်ပြီး သစ္စာစကားတွေနဲ့ ကျင့်ဝတ်စည်းကမ်းတွေနဲ့ လုပ်နေတဲ့ အဖွဲ့အစည်းကြီးထဲက ပုဂ္ဂိုလ်တွေက ကျင့်ဝတ်စည်းကမ်းတွေကို အဆုံးမဲ့ ချိုးဖောက်ပြီး လုပ်ပိုင်ခွင့်အလွဲသုံးစား အပြစ်မဲ့ ပြည်သူအပေါ် ရက်စက်ယုတ်မာခဲ့ကြလို့ပဲ ဖြစ်ပါတယ်။


ဒါကို သတင်းစာရှင်းလင်းပွဲမှာလည်း စာရေးသူ မေးခွန်းထုတ်ခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာ ဦးဟန်ထွန်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီလို ကျင့်ဝတ်စည်းကမ်းတွေနဲ့ ဥပဒေကို အလေးထားပြီး လုပ်ဆောင်ရမယ့် အဖွဲ့အစည်းထဲမှာ အလုပ် လုပ်နေတဲ့သူတွေကိုယ်တိုင်က ထင်ရာစိုင်းနေပြီဆိုမှဖြင့် ဘယ်လွယ်လိမ့်မတုန်း။


ဦးဟန်းထွန်း ပြန်လည်လွတ်မြောက်ပြီး ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကို တပ်မတော်ဆေးရုံးမှာ တက်ရောက် ကုသခံခဲ့ရတယ်။ အဲဒီလို အပြစ်မဲ့ ပြည်သူအပေါ် ရိုက်နှက်နှိပ်စက်ပြီး လူမဆန်စွာ ယုတ်မာတဲ့ သူတွေကို အမှုဖွင့် တိုင်ကြားခဲ့တယ်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ(၂၉) ရက်နေ့ကတည်းက အမှုဖွင့်ခဲ့တာဟာ အခုထိ အမှုဖွင့်အရေးယူပေးခြင်း မရှိဘူးလို့ သိရပါတယ်။


ဦးဟန်ထွန်းကို ဝိုင်းဝန်းလုပ်ကြံခဲ့သူတွေထဲက အရာရှိတချို့က နယ်ပြောင်းတွေတောင် ပါသွားကြပြီလို့ သိရပါတယ်။ ဦးဟန်းထွန်းက "ငါ့ကိုကွာ အခုလို သူတို့ လုပ်ကြံပြီး လုပ်လိုက်တာက အခုချိန်အထိ ဒုက္ခိတလိုဖြစ်နေတယ်။ ဟိုဘက်ဒီဘက် တောင် ကောင်းကောင်းလှည့်လို့ မရချင်ဘူး။ နာနေတယ်။ ဘယ်သွားသွား အပတ်နဲ့ သွားရတယ်။ ဒုက္ခိတလို ဖြစ်နေပြီ။ ငါကတော့ သူတို့ ငါ့ကို လုပ်ကြံတဲ့ စာသားနဲ့ ၅၀၅-က မြောက်တယ်ဆိုပြီး ငါခံခဲ့ရတယ်။ ရေးတဲ့ကောင်က ဒုရဲအုပ်ကျော်ငြိမ်းပဲ။ သူ့ကြတော့ ၅၀၅ နဲ့ အရေးမယူတော့ဘူးလား။ ငါမကျေနပ်ဘူး။ အောင်ကြည့်မြင့်ရော၊ နောက် စခန်းမှူး အောင်နိုင် ရော (၃)ယောက်လုံးပေါ့ကွာ။" လို့ ပြောပါတယ်။


တပ်မတော်မှာ နှစ်ပေါင်း (၃၀) တာဝန်ထမ်းဆောင်လာတာ ဒုက္ခိတမဖြစ်ခဲ့ဘူး။ ရဲယုတ်တွေ နှိပ်စက်မှပဲ ဒုက္ခိတ ဖြစ်ရရှာတယ်။ ဦးဟန်ထွန်းကိုတော့ CDM လှုံ့ဆော်သူပါဆိုပြီး ရဲအရာရှိ (၃)ဦးက သူတို့ စိတ်ကြိုက် ဖန်တီးရေးသားထားတဲ့ စာသားနဲ့ ထောင်ထဲပို့ခဲ့လို့ ခံခဲ့ရပြီးပြီ။ အဲဒီ စာသားကို ရေးသားသူတွေဟာ ရဲအရာရှိတွေ ဖြစ်တယ်။ သူတို့ကို ဘာလို့ အရေးမယူသလဲ။ အပြစ်မဲ့ ပြည်သူတစ်ဦး နံရိုးကျိုးအောင် အရိုက်ခံခဲ့ရတယ်။ အခုလည်း လူမှုကွန်ရက်စာမျက်နှာမှာ ဆူပူအကြမ်းဖက် လှုံ့ဆော်ဝါဒဖြန့် ရေးသားသူတွေကို အရေးယူနေတုန်းပဲ။ ဒါဆိုရင် ဦးဟန်းထွန်းဖုန်း၊ ဦးဟန်ထွန်း အသုံးပြုတဲ့ Facebook ကနေ တပ်မတော်ကို အကြည်ညိုပျက်အောင် ရေးသားခဲ့သူတွေဟာ ရဲအရာရှိ (၃)ဦး ပူးပေါင်းကြံစည်ပြီး ၂ကြိမ်တိုင်တိုင် ပြုပြင် ဖန်တီးပြီး ရေးသားခဲ့တဲ့ စာဖြစ်တယ်။ ဘာကြောင့် အရေးမယူသလဲ။


ဦးဟန်ထွန်းက မြန်မာနေရှင်နယ်ပို့စ် ကို စာရေးသားပေးပို့ပြီး အကူအညီ တောင်းတယ်။ အကိုရယ် စိတ်မကောင်းဘူး။ ကျွန်တော်တို့ဟာ ဥပဒေအောက်မှာ ရှိတဲ့ သူတွေပါ။ ဥပဒေအထက်မှာ ဘယ်သူတွေ ရှိနေလဲလို့ မေးစရာ မလိုတော့လောင် အကိုတွေ့ကြုံခဲ့ရတဲ့ အဖြစ်က ထင်ရှားနေပါတယ်။ ဥပဒေနဲ့အညီ လုပ်ရမယ့် တာဝန်ရှိသူတွေက ဥပဒေလက်တစ်လုံးခြား လုပ်ပြီး ပြည်သူကို နှိပ်စက်တယ်။ တကယ် တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင် လုပ်နေတဲ့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေကိုတော့ ဥပဒေနဲ့အညီ အရေးယူရကောင်းမှန်း မသိကြဘူး။


အကိုက မြန်မာနေရှင်နယ်ပို့စ်ကို လိပ်မူပြီး လိုအပ်သလိုတင်ပြပေးပါဆိုလို့ ကျွန်တော်ကတော့ အများပြည်သူ သိရှိနိုင်စေရန် အခုလို ရေးသားဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ဦးဟန်ထွန်းတို့ ဇနီးမောင်နှံအနေနဲ့လည်း တရားမျှတမှု ရဖို့၊ တရားဥပဒေစိုးမိုးရေးဆိုတာကို မြင်တွေ့နိုင်ဖို့ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာရှိသူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံအထိ တင်ပြထားပြီး ဖြစ်တာကို တွေ့ရပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ အကြီးအကဲများထံကိုလည်း တင်ပြထားမယ်လို့ ထင်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ အကြီးအကဲများဟာ အပြစ်မဲ့ ပြည်သူတစ်ဦးကို ဒုက္ခိတဖြစ်ရသည်အထိ ယုတ်မာရိုင်းစိုင်းစွာ ရက်စက်ခဲ့သူတွေအပေါ် အကာအကွယ်ပေးနေအုံးမှာလား၊ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ကို ဦးဟန်ထွန်းတို့ ဇနီးမောင်နှံမျှော်လင့်သလို ကျွန်တော့်အနေနဲ့လည်း မျှော်လင့်မိတာတော့ အမှန်ပါပဲ။


ဦးဟန်ထွန်းခင်ဗျာ - ဦးဟန်ထွန်းဟာ တပ်မတော်ထဲမှာ တိုင်းပြည်တာဝန်ကို အသက်ပေးပြီး နှစ်ပေါင်း (၃၀) တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့စဉ်က မိမိရဲ့ သီလ၊ သမာဓိနဲ့ ဘေးမသီရန်မခအောင် တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်။ တပ်မတော်က အငြိမ်းစားယူပြီး သာမာန်ပြည်သူတစ်ဦးအနေနဲ့ ဘဝကို ရပ်တည်နေချိန်မှာ နိုင်ငံတော်တာဝန်ထမ်းဆောင်နေသူတွေရဲ့ ယုတ်မာမှုကို အဆိုးဆုံးအခြေအနေနဲ့ ကြုံတွေ့လိုက်ရတော့ မခံနိုင်၊ မရပ်နိုင် ဖြစ်နေရမယ်ဆိုတာ နားလည်ပါတယ်။ စဉ်းစားကြည့်ရင် နိုင်ငံတော်အာဏာအလွဲသုံးစား လုပ်သူတွေကို ဘာရာထူး အာဏာမှ မရှိတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လောက်တောင် ခံနေကြရမလဲ။ ဦးဟန်ထွန်းကိုယ်တိုင်လည်း အများပြည်သူ ဒုက္ခအခက်အခဲတွေကို ကူညီဆောင်ရွက်ပေးခဲ့ဖူးသူ တစ်ယောက်ဆိုတော့ သိရှိထားပြီး ဖြစ်ပါလိမ့်မယ်။ 


ကျွန်တော်တို့ သတင်းဌာနဆိုတာ မတရားသဖြင့် ခံရသူတွေအတွက်၊ အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရသူတွေအတွက် အတတ်နိုင်ဆုံး ဖော်ထုတ်ရေးသားရင်း အာဏာအလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုးရှာနေသူတွေရဲ့ မုန်းတီးခြင်းကိုလည်း ခံရပါတယ်။  အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားရဲ့ မုန်းတီးခြင်းကိုလည်း ခံရပါတယ်။ ဦးဟန်ထွန်း လိုလားတောင်းတသော တရားမျှမှု ရရှိစေဖို့ အခုလို ထပ်ပြီး အမုန်းခံ ရေးသားဖော်လိုက်ရပါတယ်။ ကျွန်တော်တို့ စွမ်းနိုင်တဲ့ အလုပ်ကို လုပ်ပေးဖို့တော့ ကျွန်တော့်ဘက်က မပျက်ကွက်ပါဘူး။ 


နိုင်ငံတော်အကြီးအကဲများရဲ့ လက်သုံးစကား ဥပဒေစိုမိုးရေးသည် ဦးဟန်ထွန်းအပေါ် ယုတ်မာရက်စက်သူများအပေါ်တွင် တည်ပါစေသား။

နိုင်ငံတော်အကြီးများရဲ့ လက်သုံးစကား ဥပဒေစိုးမိုးရေးသည် ကျောသားရင်းသား မခွဲခြားဘဲ ဒုက္ခိတ ဘဝရောက်ခဲ့ရသော ဦးဟန်ထွန်း အတွက် တရားမျှတမှု ရရှိပါစေသား။

နိုင်ငံတော်အကြီးအကဲများရဲ့ လက်သုံးစကား ဥပဒေစိုးမိုးရေးသည် အာဏာအလွဲသုံးစား ဥပဒေလက်တစ်လုံးခြား လုပ်ပြီး ပြည်သူအပေါ် ရက်စက်ယုတ်မာနေသူများအပေါ်တွင် စိုးမိုးနိုင်ပါစေသား။


အများပြည်သူအနေနဲ့လည်း ဦးဟန်ထွန်းလို အဖြစ်ဆိုးမျိုး မကြုံရအောင် သတိရှိကြပါ။ ဦးဟန်ထွန်းအပေါ် ယုတ်မာသလို အခြားပြည်သူများအပေါ် မယုတ်မာကြပါတော့နဲ့။ ဦးဟန်ထွန်း မျှော်လင့်သော ဥပဒေစိုးမိုးရေး၊ တရားမျှတမှု အမြန်ဆုံး ရရှိနိုင်ပါစေ။


နောင်တော်လေး (ဘိုကလေး)

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)