အဂတိလိုက်စားပြီး အကြမ်းဖက်နေသူတွေဆီက အဂတိမလိုက်စားကြပါနဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားပြီး အကြမ်းဖက်နေသူတွေဆီက အဂတိမလိုက်စားကြပါနဲ့


NLD ထောက်ခံအားပေးခြင်းမရှိတဲ့ ပြည်သူတွေဆီက သတင်းစကားတွေ နေ့စဉ်လိုလို ရရှိပါတယ်။ အများစု ပြောကြတာကတော့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေနဲ့ ပတ်သက်လို့ သတင်းပေးတယ်။ တိုင်ကြားတယ်။ သို့ပေသော် အရေးမယူဘူး။ ဖမ်းဆီးခြင်း မရှိဘူး။ ညွှန်ကြားချက်မရှိဘူး ဆိုတဲ့ တုန့်ပြန်စကားတွေပဲ ရကြတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာထားတာက ပြည်သူတွေ သတင်းပေးပါ၊ ပူးပေါင်းဆောင်ရွက်ပါ ဆိုလို့ ၂၀၂၁ ခုနှစ်ထဲမှာ ကတည်းက ပြည်သူတွေက သတင်းပေးတယ်။ တိုင်ကြားတယ်။ ရဲတွေက NLD အကြမ်းဖက်သမားတွေကို သတင်းပြန်ပေးလို့ တိုင်ကြားသူ ဒုက္ခရောက်ခဲ့ရတဲ့ သာဓကတွေတောင် ရှိခဲ့ပါတယ်။ 

တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေက ရဲတပ်ဖွဲ့ဝင်တွေကို NLD အကြမ်းဖက်သမားက လုပ်သွားတာမျိုးလည်း မလိုလားဘူး။ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လုပ်သွားတာမျိုးလည်း မမြင်ချင်ဘူး။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ၊ ဆရာ/ ဆရာမ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ကျန်းမာရေးဝန်ထမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါ မကျန် NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ အမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့တွေက သတ်လို့ သေခဲ့ရတာ လူဦးရေ (၂၀၀၀)ကျော်သွားပြီ။

ကျွန်းလှမြို့နယ်မှာ ဗိုလ်မှူးဝင်းနိုင်ထွေး အကြမ်းဖက်သမားက ငွေပေးပြီး အမှုရုပ်သိမ်းပေးဖို့ လာညှိနှိုင်းတာကို လက်မခံတဲ့ အတွက် ဗုံးခွဲတိုက်ခိုက်ခံရပြီး ကျဆုံးခဲ့ရတယ်။ ရန်ကုန်၊ မန္တလေးမြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို NLD အကြမ်းဖက်သမားတွေက လမ်းလယ်ခေါင် လည်လှီးပြီး တာယာကွင်းပုံပြီး မီးရှို့သတ်ခဲ့တာတွေ၊ မီးရထားပေါ်မှာ အစုလိုက် အပြုံလိုက် သတ်လိုက်တာတွေ၊ အမြန်လမ်းဘေးမှာ ရဲတပ်ဖွဲ့ဝင် (၅)ဦး အသတ်ခံခဲ့ရတဲ့ဖြစ်စဉ်တွေဟာ အလွန်ပဲ ဆိုးရွားရက်စက်လွန်းတဲ့ NLD အစွန်းရောက်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ မဟုတ်ပါလား။

ဒီလိုသာဓကတွေကို အခြေခံပြီး ရဲအရာရှိတွေ၊ တပ်မတော်အရာရှိတွေကို မေးခွန်းထုတ်စရာ ဖြစ်လာတာက မိမိတို့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ အသက်အန္တရာယ်ကို အချိန်နဲ့အမျှ ခြိမ်းခြောက်နေတဲ့ NLD အကြမ်းဖက်တွေနဲ့ လည်ပင်းဖက်ပေါင်းပြီး အကြမ်းဖက် ဝါဒီတွေဆီက အဂတိလိုက်စားပြီး ပျော်ပါးနေကြရတာ အရသာတွေ့ရဲ့လား။ အပင်းစို့သလို ဖြစ်မနေဘူးလား။ အဂတိလိုက်စားတဲ့သူတွေကိုပဲ ရည်ညွှန်းပြောလိုခြင်းဖြစ်ပါတယ်။ အခြားသော တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်များကိုတော့ ဦးညွှတ်ပြီး အလေးပြုရုံတင် မဟုတ်ပါဘူး။ အမြဲတမ်း မေတ္တာပို့သပြီး အကြိမ်ကြိမ် ဦးချကန်တော့ပါတယ်။ 

သင်ခန်းစာတွေကိုပဲ ထပ်ပြောအုံးမယ်။ မဲလိမ်မဲခိုးမှုကြောင့် ထိန်းသိမ်းခံလိုက်ရတဲ့ NLD ပါတီက အတိုင်ပင်ခံ ပုဂ္ဂိုလ်က စလို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ အဂတိလိုက်စားမှုတွေ စစ်ဆေးပေါ်ပေါက်လို့ အရေးယူခံနေရတယ်။ အခြားသော လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်ပြီး စစ်ဆေးမယ်ဆိုရင်လည်း အဂတိမကင်းဘူး။ NLD အာဏာရတဲ့ ၅နှစ်သက်တမ်းအတွင်း ပြည်သူကို တဲထဲကနေ တိုက်ပေါ်တင်ပေးမယ်လို့ မစားရ ဝခမန်း ပြောခဲ့ပေမယ့် ပြည်သူကို တိုက်ပေါ်တင်မပေးဘူး။ NLD လွှတ်တော်အမတ်တွေပဲ လုပ်ငန်းရှင်တွေက ညစ်တယ်၊ ညှစ်တယ်၊ မြေပွဲစားလုပ်တယ်၊ အမှုပွဲစားလုပ်တယ်။ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်တယ်။ သူတို့တွေပဲ ခြံတွေဝယ် တိုက်တွေဆောက် တိုးတက်ကြီးပွားသွားတယ်။ NLD တွေအတွက် ပြည်သူဆိုတာ အသုံးချခံ ပစ္စည်းသက်သက်ပါပဲ။

ရာထူးအာဏာဟာ ကိုယ်ကျိုးစီးပွားအတွက် အများကြီးဖန်တီးလို့ ရတယ်ဆိုတာ သိသွားတော့ NLD တွေဟာ အာဏာလက်မဲ့ ဖြစ်သွားမှာ သိပ်ကို ကြောက်ရွံ့စိုးရိမ်သွားတယ်။ မမှန်မကန် ရှာကြံထားတဲ့ ငွေကြေးတွေနဲ့ တော်လှန်ရေးဆင်နွှဲတယ်။ အာဏာပြန်ရရင် စည်းစိမ်ဥစ္စာက ရှာလို့ ရမှန်းသိနေတယ်လေ။ 

အဲဒီလို တိုင်းပြည်နဲ့ လူမျိုးကို အသုံးချခံအဖြစ် အသုံးချပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်သွားတဲ့သူတွေကို အဂတိလိုက်စားမှုတွေနဲ့ တရားစွဲဆိုထားတာကို မြင်နေ တွေ့နေပါလျက်နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ပေးအပ်လို့ မြို့နယ်၊ ခရိုင် အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိကြီးများက အဂတိလိုက်စားသူတွေဆီက ပြန်ပြီး အဂတိလိုက်စားပြီး ကိုယ်ကျိုးရှာကြမှာလား။ ဒီလိုဆိုရင် NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ လူယုတ်မာတွေနဲ့ နစက ခန့်လိုက်တဲ့ အရာရှိကြီးများက ဘာများကွာခြားပါအုံးမလဲ။

စာရေးသူက ဒီလိုပြစ်ပြစ်နှစ်နှစ်ရေးရင် ပြန်ပေးစရာ မေးခွန်းပေါင်းများစွာ ဖြစ်လာပါမယ်။ နောင်တော်လေး လူဆိုတာ အမှားမကင်းတဲ့လူရယ်လို့ ရှိပါ့မလား။ အဂတိကင်းတဲ့ အစိုးရဆိုတာ ရှိလို့လား။ စာရေးသူရဲ့ အဖြေကလည်း မရှိပါဘူးလို့ပဲ ဖြေပါမယ်။ အဂတိလိုက်စားတာနဲ့ ပတ်သက်လို့ ကျွန်တော့် အဖိုး ကျေးရွာဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်က ပြောခဲ့တဲ့ စကားလေးကိုလည်း မျှဝေပေးခဲ့ဖူးပါတယ်။ ရွာမှာ အဖိုးဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် သမဝါယမခေတ်ဆိုတော့ သမလူကြီး လုပ်ချင်တဲ့သူတွေကလည်း အပြိုင်အဆိုင်ပဲ။ ရွာထဲမှာ သမလူကြီး လုပ်တဲ့သူတိုင်းဟာ စာရင်းစစ်ဝင်ပြီဆိုတာနဲ့ စာရင်းလိမ်တွေပေါ်ပြီး ထောင်ချခံရတဲ့သူတွေချည်းပဲ။ ရွာမှာ သမလူကြီးလုပ်ခဲ့တဲ့ သူတွေထဲ တစ်ယောက်သာ ထောင်မကျဘဲ ကျန်တယ်။ အဖိုးလူကြီးက သမလူကြီးလုပ်ကြတဲ့သူတွေဟာလည်း သူ့ရဲ့ တူသားနောင်မယ်တွေချည်း ဆိုတော့ "မင်းတို့ကောင်တွေက ခွေးစား စားတာကိုးကွ၊ ခွေးစား မစားရဘူး၊ စာ (စာငှက်)စား စားရတယ်ကွ" လို့ လမ်းညွှန်ပေးသတဲ့။

ခွေးဟာ စားခွင့်ကြုံတဲ့အချိန်မှာ နင်းကန်ပြီး အတင်းကာရော စားတာ၊ စားခွင့် မရှိတာကိုတောင် ခိုးစားတဲ့ သတ္တဝါ၊ စာငှက်ကလေးတွေဟာ အစာကို စားတော့ စားတယ်။ အန္တရာယ်ကို ကြည့်တယ်။ အန္တရာယ်မကင်းတဲ့ အစာကို မစားဘူး။ နည်းနည်းချင်းပဲ စားတယ်။ ဒါက အဖိုးပြောတဲ့ အန္တရာယ်ကင်းအောင် အဂတိလိုက်စားနည်းပါ။

ယနေ့ နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေကြသူတွေကိုရော မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် တာဝန်ထမ်းဆောင်နေကြသူတွေကိုရော အကြံပြုပါတယ်။ အဂတိမကင်းနိုင်ဘူးဆိုရင်တောင် ခွေးစား မစားဘဲ၊ စာစား စားကြပါလို့ အကြံပြုလိုရင်းပေါ့ဗျာ။ လူမသိအောင် စားကြပါ၊ နင်းကန်ပြီး မစားကြပါနဲ့။ 

အဂတိလိုက်စားတာနဲ့ ပတ်သက်လို့ ဦးလှဆွေ ရေးတဲ့ ဘူးလတ်မှာတမ်းလေးတစ်ခုကိုလည်း အမှတ်ရမိတယ်။ ရှမ်းပြည်နယ်ဘက်မှာ သူတာဝန်ကျစဉ်က အကြောင်းကို အခြေခံပြီး ရေးထားတာပါ။ ကျွဲမှောင်ခို၊ နွားမှောင်ခိုတွေ ကြားမှာ တာဝန်ထမ်းဆောင်တော့ မှောင်ခိုလုပ်ငန်း လုပ်သူတွေဟာ သူ့ကို ပေးကမ်းပြီး ပြည်ပကို ထွက်လို့ ရမယ်ပေါ့ဗျာ။ အစဉ်အဆက်လည်း ဒီလိုပဲ လုပ်စားလာကြတာဆိုတော့ သူ့ကိုလည်း ငွေပေးပြီး လာညှိသတဲ့။ သူက လက်မခံဘူး။ ကျွဲမှောင်ခို၊ နွားမှောင်ခို အကုန်ဖမ်းတော့ သူသတင်းကြီးလာတယ်။ အရာရှိက စစ်ဆေးတော့ သူဘာကြောင့် နွားမှောင်ခို၊ ကျွဲမှောင်ခိုတွေကို ဖမ်းရသလဲဆိုရင် ဒီမှောင်ခိုလုပ်ငန်းလုပ်သူတွေဟာ သူတို့ ရောင်းဝယ်ဖောက်ကားလို့ ရရှိတဲ့ ငွေနဲ့ သေနတ်တွေ ကျည်တွေ ဝယ်ပြီး တပ်မတော်ကို တိုက်တာ။ အဲဒီလို တရားမဝင် ငွေရှာပြီး တပ်မတော်ကို ပြန်တိုက်နေတဲ့ သူတွေကို လွှတ်ပေးရင် ကိုယ့်တပ်ကို ပြန်တိုက်ရာကျတယ်။ ကိုယ့်တပ်သားတွေရဲ့ အသက်ကို ရောင်းစားရာ ရောက်တယ်။ ဒါကြောင့် ဖမ်းပါသတဲ့ဗျာ။

အခု နစက က တာဝန်ပေးအပ်လို့ မြို့နယ်၊ ခရိုင် အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်အရာရှိကြီးများ၊ ရဲအရာရိကြီးများ မိမိတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်စဉ်းစား သုံးသပ်ကြစေချင်ပါတယ်။ ဦးလှဆွေ ပြောသလို ကိုယ့်ရဲဘော် ရဲဘက်၊ ကိုယ့်တပ်သားတွေရဲ့ အသက်၊ မိမိတို့ကို ထောက်ခံအားပေးနေတဲ့ ပြည်သူတွေရဲ့ အသက်တွေကို ရောင်းစားသလို အလုပ်မျိုး လုပ်မိနေကြတယ်ဆိုရင်တော့ ဆင်ခြင်ကြစေချင်ပါတယ်။

ဒီဆောင်းပါးဟာ ဘယ်သူ့ ဘယ်သူကိုမှ ပုဂ္ဂိုလ်ရေးထိခိုက်လိုခြင်း မဟုတ်ပါဘူး။ ဘယ်အစိုးရမှ အဂတိမကင်းဘူးဆိုတာ ကိုလည်း မြန်မာ့သမိုင်းက သင်ခန်းစာတွေ အပြည့်နဲ့ပါ။ ခွေးစား စားခဲ့သူတွေရဲ့ အဖြစ်သနစ်တွေကလည်း မရှုမလှဆိုတာကို သင်ခန်းစာယူကြပါ။ အထူးသဖြင့် တိုက်တွန်းလိုတာကတော့ အဂတိလိုက်စားပြီး တိုင်းပြည်ဘဏ္ဍာခိုးခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေဆီကနေ အဂတိလိုက်စားပြီး ကိုယ်ကျိုးရှာ ဇိမ်ခံမနေကြပါနဲ့။

အကြမ်းဖက်သမားတွေကိုပဲ ကျွန်တော်က နာမည်တပ်ပြီး ဖော်ထုတ်ရေးသားပါတယ်။ အကြမ်းဖက်နှိမ်နင်းရေး လုပ်နေကြတဲ့သူတွေ လမ်းမှားကို မလိုက်ကြပါနဲ့လို့ မေတ္တာရပ်ခံလိုတယ်။ ခွေးစား မစားကြပါနဲ့လို့ မေတ္တာရပ်ခံလိုတယ်။ ကိုယ့်ရဲဘော် ရဲဘက်တွေရဲ့ အသက်တွေကို ရောင်းမစားကြပါနဲ့လို့ လေးစားစွာ မေတ္တာရပ်ခံလိုပါကြောင်း ...


နောင်တော်လေး (ဘိုကလေး)

မြန်မာနေရှင်နယ်ပို့စ်

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)