အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ





MNP ၊ ဖေဖော်ဝါရီ ၂၁

အကြိမ်(၅၀)မြောက် ရွှေရတု အထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နံနက် ၈ နာရီခွဲတွင် ဆေးသုတေသနဦးစီးဌာန၊ အမှတ်(၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်(Virtual) ဖြင့် ကျင်းပသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် က Video Message ပေးပို့၍ အဖွင့်အမှာစကား ပြောကြားသည်။ (နိုင်ငံတော်စီမံ အုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ၏ အဖွင့်အမှာစကားကို သီးခြားဖော်ပြထားပါသည်။) 

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမှာစကား ပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် လမ်းညွှန်မှာကြားထားသော ကျန်းမာရေးဝန်ထမ်းများ အကြားတွင် သုတေသန ယဉ်ကျေးမှု ပိုမိုပျံ့နှံ့ပွား များလာအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် သုတေသီတို့သည် သုတေသနများ လုပ်ဆောင်ရာတွင် သုတေသနကျ င့်ဝတ်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုတေသန ညီလာခံများကို အစဉ်အလာမပျက်ကျင်း ပခြင်းအားဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာစေရန်နှင့် သုတေသန တွေ့ရှိချက် များကို လက်တွေ့အသုံးချမည့် ကျန်းမာရေး ပညာရှင်များသိရှိ ဆွေးနွေးနိုင်စေ ရန်စသည့် ရည်ရွယ်ချက် ကောင်းများချမှတ်ကာ ကျင်းပခြင်းဖြစ်၍ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရေးကဏ္ဍကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါတတိယလှိုင်းအား တိုက်ဖျက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အလေးထားဆောင်ရွက်ခဲ့မှု၊ ပုဂ္ဂလိက ကဏ္ဍများ၏ ပံ့ပိုးကူညီဆောင်ရွက်ခဲ့မှု၊ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ ပိုမိုနားလည်သဘော ပေါက်မှုများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြမှုများကြောင့်  ကျော်လွှားခဲ့နိုင်ခြင်းကို မီးမောင်းထိုး ပြသနိုင်ရန်ရည်ရွယ်ကာ ယခုနှစ်သုတေသနညီလာခံ၏ အဓိကသုတေသန ဦးတည်ချက်ခေါင်းစဉ် (Theme) အဖြစ် “မျှဝေခံစား၊ အသိတိုးပွား၊ ကိုဗစ်တတိယလှိုင်းအတွေ့အကြုံများ (Response to COVID-19 in Myanmar:  Reflection after the Third Wave)” ဟု သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊  နှီးနှောဖလှယ်ပွဲတို့ကို သုတေသီများ၊ ကျွမ်းကျင်ပညာရှင်များပါဝင်လျက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြမည်ဖြစ်၍ ပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက်နှင့် ဆေးပညာလောကအတွက် အလွန်အကျိုးရှိစေမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ဆေးသုတေသနဦးစီးဌာနကို ပြုစုပျိုးထောင်ပေးခဲ့ကြသည့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် များ၏ ရွှေရတုအထိမ်းအမှတ်ဂုဏ်ပြုစကား Video Clip များကို ပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ရွှေရတုအထိမ်းအမှတ် အဖြစ် ဆေးသုတေသန ဦးစီးဌာန၏ လက်ဦးတည်ထောင်သူ ပါမောက္ခဒေါက်တာမြတူနှင့် ပါမောက္ခဒေါက်တာအောင်သန်းဘတူတို့၏ ရုပ်တုဖွင့်ပွဲအခမ်းအနားကို ကျင်းပရာဖွင့်ပွဲ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆေးသုတေသနပညာရှင်များ၊ စာတမ်းဖတ်ကြားမည့် အဓိကသုတေသီများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ ဗီဒီယိုကွန်ဖရင့်စနစ် (virtual)ဖြင့် တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် အကြိမ်(၅၀) မြောက် ရွှေရတုအထိမ်းအမှတ် ကျန်းမာရေးသုတေသန ညီလာခံအား ဆက်လက်ကျင်းပရာ “ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွေ့အကြုံများ နှီးနှောဖလှယ်ပွဲ (Symposium on: Experiences encountered during the Third Wave of COVID-19 in Myanmar)” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး အဆိုပါပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ပါမောက္ခဒေါက်တာ စိုးလွင်ငြိမ်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း တွင် ဆောင်ရွက်ခဲ့မှုများနှင့် အတွေ့အကြုံစာတမ်းများကို ကူးစက်ရောဂါဆိုင်ရာရှုထောင့်၊ ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာရှုထောင့်၊ ကုသရေးဆိုင်ရာရှုထောင့်နှင့် ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာ ရှုထောင့်အသီးသီမှ တာဝန်ရှိသူများက တင်ပြခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလို သည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

ညီလာခံကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ကိုရီးယား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ တို့မှ ပညာရှင်များအပါအဝင် ပြည်တွင်း/ပြည်ပမှ သုတေသန ပညာရှင်(၄၀၀)ခန့် တက်ရောက်လျက်ရှိပြီး သုတေသနစာတမ်း(၆၉)စောင်၊ သုတေသန ပိုစတာ(၂၇)စောင်တို့ကို တင်သွင်းဖတ်ကြား ပြသမည်ဖြစ်သည်။ တင်သွင်းလာသည့် စာတမ်းများအနက်မှ အကောင်းဆုံး အခြေခံသုတေသန (Basic Research) စာတမ်းတစ်စောင်၊ အကောင်းဆုံးလက်တွေ့အသုံး ချသုတေသန (Applied Research) စာတမ်း တစ်စောင်၊ အကောင်းဆုံးကျန်းမာရေးစနစ်သုတေသန (Health Systems Research) စာတမ်း တစ်စောင်နှင့် ပိုစတာများမှ အကောင်းဆုံးပိုစတာတစ်စောင်၊ စုစုပေါင်း(၄)စောင်နှင့် လူငယ် သုတေသီဆုများလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)