တာမွေမြို့နယ်အတွင်း ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးသူ (၈၅၀)ဦးအထိ ရှိပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်း ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးသူ (၈၅၀)ဦးအထိ ရှိပြီဖြစ်

 


MNP - ဖေဖော်ဝါရီ    ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၌ မြို့နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ရုရှားသမ္မတနိုင်ငံမှ လှူဒါန်းထားသော Spuntnik Light အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ စုစုပေါင်း (၈၅၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။

ထိုကဲ့သို့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ် စေရေးနှင့် လာရောက် ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီအသင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ် အတွင်းရှိ လူမှုကူညီရေး ပရဟိတ အသင်းဝင်များနှင့် ရပ်မိရပ်ဖများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း ၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်း စေခြင်း အပါအဝင် လိုအပ် သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

“ကိုဗစ်-၁၉ရောဂါဟာ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ဆိုပြီး ကူးစက်မှု ပြန်လည်ဖြစ်ပေါ်လာတဲ့ အခုလိုအချိန်မှာ တာဝန်ရှိသူတွေ အနေနဲ့ ကျွန်တော်တို့ပြည်သူတွေကို ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးတဲ့အပေါ် ကျေးဇူးအထူးတင် ရှိပါတယ်။ အခုလို ထပ်ဆောင်း ကာကွယ်ဆေးထိုးထားခြင်း အားဖြင့် ရောဂါကူးစက်နိုင်ခြေက ရာခိုင်နှုန်းနည်းတဲ့အတွက် လာရောက်ထိုးနှံဖြစ်တာပါ။ နောက်တစ်ခုက ကိုယ်ကဆေးထိုးထားတယ်ဆိုပြီး ပေါ့ဆစွာ မနေဖို့ပါ။ အရင်လို အိမ်အပြင် ထွက်တိုင်း ပါးစပ်/ နှာခေါင်းစည်း တပ်ပါ။ အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်းနှင့် အိမ်အပြင်မှ ပြန်လာပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့) လက်ဆေး ဆပ်ပြာရည်နှင့် စနစ်တကျ ဆေးကြောကြပါ။ နေ့စဉ် မိမိတို့ရဲ့ လူနေမှုဘဝမှာ ကျန်မာရေးနှင့်အညီ နေထိုင်သွားလာ စားသောက်ကြပါလို့ တိုက်တွန်းချင်ပါတယ် ” ဟု မောင်ဖြိုးမင်းခန့်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို  ၂၀၂၁-ခုနှစ် ဩဂုတ်လ (၂)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး ယနေ့အထိ တာမွေမြို့နယ်အတွင်းရှိ ပြည်သူ (၇၆၄၀၂)ဦးကို (ပထမအကြိမ်)အဖြစ် ထိုးနှံပေးနိုင်ခဲ့ပြီး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၇၀၂၇၀)ဦးအထိရှိကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။ ယခုအခါ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ စုစုပေါင်း (၈၅၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား အမျိုးသားရေးအသွင်ဖြင့် မှတ်ယူပြီး တိကျစွာ ဆက်လက်လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်း - နိုင်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)