ICJ ကြားနာပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဘယ်လို ပြောကြားခဲ့သလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ICJ ကြားနာပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဘယ်လို ပြောကြားခဲ့သလဲ





MNP ၊ ဖေဖော်ဝါရီ ၂၂

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌  ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါ ကြားနာပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ် လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျကိုယ်စားလှယ် (Alternate Agent) အဖြစ် လည်းကောင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါသည်။


၂၁-၂-၂၀၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုတွင် ပထမဦးစွာ မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါ အဖွင့်မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက အဓိကအားဖြင့် မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ တရားရုံးက ဤအမှုကို စီရင်ပိုင်ခွင့် မရှိကြောင်း (သို့မဟုတ်) လက်ခံကြားနာနိုင်မှု မရှိကြောင်း  ကနဦးကန့်ကွက်လွှာ တင်သွင်းခြင်းသည် တရားရုံး၏ တရားစီရင်မှုလုပ်ထုံးလုပ်နည်းများအပေါ် ဆင်ခြေပေးကန့်သတ်ရန်အတွက် မဟုတ်ဘဲ တရားမျှတမှုကို တော်တည့်မှန်ကန်စွာ ဖော်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ နောင်ရက်များအတွင်း ပြုလုပ်သွားမည့် ကြားနာမှုများသည် အရေးပါပြီး ဤတရားရုံး၏ အနာဂတ် တရားစီရင်ရေး လုပ်ငန်းစဉ်များအပေါ် ထူးခြားသည့် အကျိုး သက်ရောက်မှုများစွာရှိမည်သာမက နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာတရားရုံး (သို့မဟုတ်) ခုံရုံးများသို့ တင်သွင်းမည့် အမှုများအပေါ်လည်း အမှန်ပင် အကျိုးသက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အပေါ် ကိုလိုနီခေတ် အုပ်ချုပ်မှုမှ စတင်၍ အကြောင်းအကျိုးဆက်ကာ ဖြစ်ပေါ်လာခဲ့သည့် ရှည်လျားရှုပ်ထွေးလှသော ဤပြဿနာအား စေ့စပ်ညှိနှိုင်းအဖြေရှာ၍ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ကြိုးစားလျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် (၃) နိုင်ငံအကြား သုံးပွင့်ဆိုင် သံတမန်ဆွေးနွေးပွဲများ ကျင်းပ၍လည်းကောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ လုပ်ငန်းအဖွဲ့များအကြား နှစ်နိုင်ငံသဘောတူညီချက်အရ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် လူဦးရေစာရင်း ပြုစုမှုကို ပူးပေါင်းဆောင်ရွက်၍ လည်းကောင်း ဖော်ဆောင်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် နေထိုင်လျက်ရှိသူများကို အခြားပြည်သူများနှင့်တန်းတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း၊ ယင်း IDP စခန်းများကို ရုပ်သိမ်းနိုင်ရေးအတွက်လည်း စတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဖြစ်ပေါ်တိုးတက်မှုများကိုကြည့်လျှင် မြန်မာနိုင်ငံအစိုးရ၏ ထိရောက်ပြီး အပြုသဘော ဆောင်သည့် အဖြေရှာမှုနည်းလမ်းများအပေါ် အလေးအနက်ထားသည့် ဆန္ဒမှန်ကို သိရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခုတရားစွဲဆိုမှုနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ ဆက်လက်လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်လျက်ရှိကာ တရားရုံးမှ ချမှတ်ခဲ့သော ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်အတိုင်း အလေးထား အကောင်အထည်ဖော်လျက်ရှိပြီး ပုံမှန်တင်သွင်းရမည့် အစီရင်ခံစာများကိုလည်း ဆက်လက် တင်သွင်းလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများဖြစ်ကြသော Dr. Christopher Staker က ဂမ်ဘီယာနိုင်ငံသည် အိုအိုင်စီ၏ တာဝန်ပေးချက်အရ အိုအိုင်စီကိုယ်စား တရားစွဲပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း၊ အိုအိုင်စီသည် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်၍ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေအရ အငြင်းပွားမှု တင်သွင်းခွင့် မရှိသဖြင့် ကန့်ကွက်ကြောင်း လျှောက်လဲချက်ကိုလည်းကောင်း၊ Professor Stefan Talmon က 

ဂမ်ဘီယာနိုင်ငံသည် နစ်နာသူနိုင်ငံမဟုတ်၍ တရားစွဲခွင့် မရှိကြောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်က အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၎င်းတို့အပေါ် ထိခိုက်မှု မရှိပါက တရားစွဲခွင့် ပေးမထားကြောင်း လျှောက်လဲချက်ကိုလည်းကောင်း၊ Professor Robert Kolb က မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်၏ အာတီကယ် (၈) ကို ခြွင်းချက်ပြုလုပ်ထား၍ မည်သည့်စာချုပ်ဝင်နိုင်ငံကမဆို ကုလသမဂ္ဂ၏ အဖွဲ့ အစည်းများ (အပြည်ပြည်ဆိုင်ရာတရားရုံး အပါအဝင်) သို့ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံအား အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုကို လိုက်နာရန် မလိုကြောင်း လျှောက်လဲချက်ကို လည်းကောင်း၊ Dr. Christopher Staker က ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်၏ အာတီကယ် (၉) အရ တရားရုံးသို့ အမှု တင်သွင်းရန် အဖွဲ့ဝင် နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုရှိရန် လိုအပ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှု လုံးဝမရှိကြောင်း လျှောက်လဲချက်ကိုလည်းကောင်း တရားရုံးသို့ တင်သွင်းခဲ့ကြပါသည်။


ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ၂၃-၂-၂၀၂၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲမှုများအပေါ် တန်ပြန်လျှောက်လဲမှုကို ၂၅-၂-၂၀၂၂ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)