ICJ တရားရုံးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောက်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ပြောကြားခဲ့သော မိန့်ခွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ICJ တရားရုံးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောက်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ပြောကြားခဲ့သော မိန့်ခွန်း


ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊

၁။ ကျွန်တော်အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ် တရားရုံးတွင် ပါဝင်တက်ရောက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

၂။ တရားသူကြီးများဖွဲ့စည်းမှုနှင့် နှစ်ဖက်အမှုသည်များ၏ ကိုယ်စားလှယ်များတွင် အပြောင်းအလဲများ ရှိသည့်အားလျော်စွာ ကျွန်တော်အနေနဲ့ Madam Joan Donoghue ကို တရားရုံး၏ သဘာပတိအဖြစ်လည်းကောင်း၊ Mr. Kirill Gevorgian ကို ဒုတိယသဘာပတိတို့ အဖြစ်လည်းကောင်း၊ Mr. Georg Nolte နှင့် Ms. Hilary Charlesworth တို့ကို တရားသူကြီးများအဖြစ်လည်းကောင်း တင်မြှောက်ခံရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် တရားလို၏ ကိုယ်စားလှယ်အသစ်ဖြစ်သော Mr. Dawda Jallow နှင့် တွဲဖက်ကိုယ်စားလှယ် အသစ်ဖြစ်သော (Co-Agent) Mr. Hussein Thomasi တို့ကို ချစ်ကြည်လေးစားမှု ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

၃။ ကုလသမဂ္ဂ၏ အဓိကတရားရေးမဏ္ဍိုင်ဖြစ်သော အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် ယခုကိစ္စရပ်အား တရားဥပဒေနှင့်လျှော်ညီစွာ ဆုံးဖြတ်မည်ဟု နက်ရှိုင်းသော ယုံကြည်မှုနှင့်အတူ မိမိအနေနဲ့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အသစ်အနေဖြင့် တွဲဖက်ကိုယ်စားလှယ်ဖြစ်သော ဒေါက်တာသီတာဦးနှင့်အတူ လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။


ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊

၄။ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ တရားရုံး၏ရှေ့မှောက်သို့ ရောက်ရှိလာသည့် နိုင်ငံအချင်းချင်း ဆက်ဆံရေးနှင့် သက်ဆိုင်သည့်ဥပဒေများ၊ တရားရုံး၏ စီရင်ပိုင်ခွင့်နှင့် သက်ဆိုင်သည့် ဥပဒေများအပြင် တရားရုံးသို့ အမှုစွဲတင်ခွင့်အပေါ် သတ်မှတ်ချက်များကိုလည်း အမှုနှင့်သက်ဆိုင်သော ဥပဒေများအဖြစ် မှတ်ယူဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

၅။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးအတွက် အပြည်ပြည်ဆိုင်ရာဥပဒေ၏ စံနှုန်းများကို လေးစားလိုက်နာရာမှာ အခြားသောကျန်ရှိတဲ့ ဥပဒေစံနှုန်းများကိုပါ တိကျစွာ လေးစားလိုက်နာသွားရန် အရေးကြီးပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစနစ်ကို မတူကွဲပြားသော နိုင်ငံများ၏ တူညီသော သဘောဆန္ဒများနဲ့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစနစ် ဆက်လက်ကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဘုံသဘောထားတွေကို အတိအကျ လေးစားလိုက်နာမှာ ဖြစ်တဲ့အကြောင်း အဖွဲ့ဝင်နိုင်ငံများအားလုံးက ယုံကြည်လက်ခံနေရမှာဖြစ်ပါတယ်။

၆။ မြန်မာနိုင်ငံအနေဖြင့် ယခုအမှုအပေါ် တရားရုံးအနေဖြင့် စီရင်ပိုင်ခွင့်မရှိကြောင်း သို့မဟုတ် အမှုအား ပလပ်သင့်ကြောင်း လျှောက်လဲခြင်းဟာ တရားရုံးရဲ့ တရားစီရင်မှု လုပ်ထုံးလုပ်နည်းများအပေါ် ဆင်ခြေပေးကန့်သတ်ရန်အတွက် မဟုတ်ပါ။ အဲ့ဒီအစား တော်တည့်မှန်ကန်တဲ့ တရားမျှတမှု ရရှိနိုင်ရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ယခုကနဦး ကန့်ကွက်လွှာလျှောက်ထားခြင်းအား တရားရုံးအပေါ် အထူးလေးစားသမှုဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

၇။ ဒါကြောင့် နောင်ရက်များအတွင်း တရားရုံးရှေ့မှောက်မှာ ပြုလုပ်မယ့် လျှောက်လဲချက်များ ကြားနာခြင်းဟာ အလွန်ပဲအရေးကြီးပါတယ်။ ယေဘူယျအားဖြင့် တရားရုံးရဲ့ အနာဂတ်တရားစီရင်ရေး လုပ်ငန်းစဉ်တွေအပေါ် အကျိုးသက်ရောက်မှုများစွာ ရှိမှာဖြစ်သလို နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာတရားရုံး သို့မဟုတ် ခုံရုံးများသို့ တင်သွင်းမည့် အမှုများအပေါ်လည်း အမှန်တကယ် အကျိုးသက်ရောက်မှုများ ရှိလာမှာ ဖြစ်ပါတယ်။


ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊

၈။ မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များသည် အမှတ်တကယ် ကနဦး အဆင့်သာဖြစ်ပြီး Genocide Convention အား မြန်မာနိုင်ငံမှ ဖောက်ဖျက်ကြောင်း ဂမ်ဘီယာနိုင်ငံမှ စွပ်စွဲထားသည့်ကိစ္စအပေါ် ဆုံးဖြတ်ချက် ချမှတ်ရေးနှင့် သီးခြားစီ ဖြစ်ပါတယ်။ တရားရုံးအနေဖြင့် ယခု ကနဦးကန့်ကွက်လွှာကြားနာမှုကို ဆုံးဖြတ်ပြီးနောက်မှာမှ အဆိုပါကိစ္စရပ်အား ဆက်လက်စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

၉။ တရားရုံး၏ ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်များသည် ကနဦးကန့်ကွက်လွှာပါ အချက်များအပေါ် ကြိုတင်ဆုံးဖြတ်သည့်သဘော လုံးဝသက်ရောက်စေမည်မဟုတ်ကြောင်း ကြားဖြတ်စီမံ ဆောင်ရွက်ချက်အမိန့်အပိုဒ် ၈၅ ၌ ရှင်းလင်းစွာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ထို့ကြောင့် ယခုအချိန်မှသာ တရားရုံးအနေဖြင့် ကနဦးကန့်ကွက်ချက်များအပေါ် သေချာစွာ လေ့လာသုံးသပ်၍ ဆုံးဖြတ်ချက်ချမှတ်ပေးရမှာ ဖြစ်ပါတယ်။

၁၀။ အဲ့ဒါကြောင့် ယနေ့ကြားနာပွဲမှာ ကျွန်တော့်အနေနဲ့ ဂမ်ဘီယာနိုင်ငံမှ တင်သွင်းထားသည့် အသေးစိတ် အချက်အလက်များကို ဆွေးနွေးသွားမှာ မဟုတ်ပါ။ မြန်မာနိုင်ငံအနေဖြင့် ယခုအမှုအား တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း၊ ပလပ်ရမည်ဖြစ်ကြောင်း လျှောက်ထားခြင်းသည် ဂမ်ဘီယာ၏ စွပ်စွဲချက်အပေါ် တုံ့ပြန်ရန် မရှိကြောင်း ပြောဆိုခြင်းမဟုတ်သည်ကိုလည်း အထူးအလေးထား ပြောလိုပါတယ်။

၁၁။ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်တို့အနေဖြင့် ကာလရှည်ကြာစွာ သမိုင်းကြောင်းရှိတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ ပြဿနာများအပေါ် ဆက်လက်ဖြေရှင်းသွားရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်။ အဆိုပါပြဿနာများဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ကျရောက်ခဲ့တဲ့ ကိုလိုနီလက်အောက်ခံဘဝရဲ့ အကျိုးဆက်များအပါအဝင် ရှုပ်ထွေးတဲ့ ပြဿနာများ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါအချက်များဟာ ယခုကြားနာမှုနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။

၁၂။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဤရှုပ်ထွေးလှသော ပြဿနာအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာ၍ ပြေလည်မှုရရှိစေရေးအတွက် ကြိုးစားလျက် ရှိပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် (၃)နိုင်ငံအကြား သုံးပွင့်ဆိုင် သံတမန်ဆွေးနွေးပွဲများ ကျင်းပလျက် ပြန်လည်လက်ခံရေး ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ လုပ်ငန်းအဖွဲ့များမှ နှစ်နိုင်ငံ သဘောတူညီချက်အရ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် လူဦးရေစာရင်းကို ပြုစုရာတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ပါတယ်။ ပြန်လည်လက်ခံရေးအတွက် ကနဦး လုပ်ငန်းစီမံကိန်းများကိုလည်း မြန်မာနိုင်ငံအစိုးရမှ ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်းတွေမှာ နေထိုင်လျက်ရှိသူများကို အခြားနိုင်ငံသားများနည်းတူ Covid-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ မူရင်းဒေသများကို ပြန်လည်ပို့ဆောင်နိုင်ရေးနဲ့ IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ကိစ္စများမှာလည်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ လတ်တလော ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ အစိုးရအနေနဲ့ လက်ရှိပြဿနာအပေါ် ထိရောက်ပြီး မှန်ကန်တဲ့ ကုစားမှုရရှိနိုင်ရေး အလေးထားမှု ဆန္ဒမှန်ကို သိရှိမှာဖြစ်ပါတယ်။

၁၃။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်၏ တာဝန်များကို ရယူပြီးနောက်မှာလည်း အိမ်စောင့်အစိုးရအသစ်အနေဖြင့် ယခုအမှုအပေါ် ယခင်အစိုးရမှ ထားရှိခဲ့တဲ့ တာဝန်များကို ဆက်လက်လက်ခံ လိုက်နာလျက်ရှိပါတယ်။ တာဝန်ရှိအဖွဲ့အစည်းအနေဖြင့် တရားရုံးမှချမှတ်ခဲ့သော ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်အား အစွမ်းကုန်အကောင်အထည်ဖော်လျက်ရှိပြီး ပုံမှန်တင်သွင်းရမည့် အစီရင်ခံစာများကို ဆက်လက်တင်သွင်းလျက်ရှိပါတယ်။


ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊

၁၄။ မြန်မာနိုင်ငံအနေနဲ့ ကနဦးကန့်ကွက်လွှာမှာ အချက် (၄)ချက်ကို တင်သွင်းခဲ့ပါတယ်။ အဆိုပါကန့်ကွက်ချက်များနဲ့ သက်ဆိုင်တဲ့ လျှောက်လဲချက်များကို မြန်မာနိုင်ငံက တင်ပြခဲ့တဲ့ စာဖြင့်ရေးသားလျှောက်လဲချက်များမှာ အပြည့်အစုံ ပါဝင်ထားပြီးဖြစ်ကာ အဆိုပါအချက်များကို ဆက်လက်မှီငြမ်း လျှောက်လဲသွားမှာဖြစ်လို့ တရားရုံးအနေဖြင့်လည်း ဆက်လက်မှီငြမ်းနိုင်ပါရန် လေးစားစွာ တင်ပြပါတယ်။ တရားရုံး၏ နည်းဥပဒေများနဲ့ ကျင့်ထုံးလမ်းညွှန်များနှင့်အညီ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုရှေ့နေများမှ လိုအပ်သည့် အချက်အလက်များအပေါ် အဓိကထား တင်ပြသွားမှာဖြစ်ပါတယ်။

၁၅။ ယနေ့ပြုလုပ်မယ့် မြန်မာနိုင်ငံရဲ့ လျှောက်လဲချက်များကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ Dr. Staker မှ မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက်လွှာ ပထမအချက်ကို လျှောက်လဲမှာ ဖြစ်ပါတယ်။ ကနဦးကန့်ကွက်လွှာ ဒုတိယအချက်ကို Professor Talmon က လည်းကောင်း၊ တတိယအချက်ကို Professor Kolb ကလည်းကောင်း အသီးသီး လျှောက်လဲကြမှာဖြစ်ပြီး ကနဦးကန့်ကွက်လွှာ နောက်ဆုံးအချက်ကို Dr. Staker မှ ဆက်လက်လျှောက်လဲသွားမှာ ဖြစ်ပါတယ်။


ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊

၁၆။ စိတ်ပါဝင်စားစွာ နားထောင်ပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ ရှေ့နေ Dr. Staker အား လျှောက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)