MNP - ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲ သစ်အိုမီခရွန် (Omicron)ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉:၃၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေး၌ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အဆင့်ကော်မတီအဖွဲ့နှင့် ပြည်သူများလက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်းနှင့် ဒေသတွင်း အသိပညာပေးနှိုးဆော်ချက်များ ပြည်သူများ သိရှိလိုက်နာစေရေးအတွက် အသိပညာပေးရေး အလေးထား ဆောင်ရွက်သွားရန် ပြောကြား ခဲ့ပါသည်။
ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်-၁ ဗိုလ်မှူးမြင့်ဇော်၊ အုတ်တွင်းမြို့နယ် ရင်ခုန်သံ လူမှုကူညီရေး အသင်း နာယကဆရာတော် ဦးတေဇသီရိ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မိုးနှင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှ ဆောင်ရွက်ရန် အချက်များ၊ အခက်အခဲများ၊ လိုအပ်ချက်များအား ပူးပေါင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် အစည်းအဝေးတွင် အုတ်တွင်းမြို့နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီက ရင်ခုန်သံ လူမှုကူညီရေးအသင်း နာယက ဆရာတော် ဦးတေဇသီရိထံသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် Mask ဘူးများနှင့် PPE ဝတ်စုံများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညီညီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၁)ဗိုလ်မှူးမြင့်ဇော်၊ရင်ခုန်သံ လူမှုကူညီရေးအသင်း နာယက ဆရာတော် ဦးတေဇသီရိ၊မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနှင့် ဌာနဆိုင်ရာ များ၊လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment