ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းနှင့် စေတနာအဖွဲ့တို့၏ ကူညီပံ့ပိုးမှု့ဖြင့် ဆောက်လုပ်ခဲ့သော RC တစ်ထပ်ကျောင်းဆောင် သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းနှင့် စေတနာအဖွဲ့တို့၏ ကူညီပံ့ပိုးမှု့ဖြင့် ဆောက်လုပ်ခဲ့သော RC တစ်ထပ်ကျောင်းဆောင် သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ တက်ရောက်




MNP - ဖေဖော်ဝါရီ     ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနတို့၏ ကြီးကြပ်မှု၊ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေရှင်း စေတနာအဖွဲ့တို့၏ ကူညီပံ့ပိုးမှု၊ ကျောက်စု၊ ကိုးလုံးကျေးရွာမိဘပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောက်လုပ်ခဲ့သော (၉၀ပေ ၊၃၀ ပေ) RC တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ အလက (ခွဲ) ကျောက်စုမှ ဂီတအနုပညာအဖွဲ့က ကျောင်းဆောင်ဖွင့်ပွဲ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဂုဏ်ပြုခဲ့ကြသည်။

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ တက်ရောက်လာသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက အသီးသီး အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့၏ စီမံကိန်းဒါရိုက်တာမှ ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားပြီး၊ စေတနာအဖွဲ့နှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ရေးကော်မတီမှ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား လွဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူးမှ လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အထိမ်းအမှတ် အလံများအား နေရာအရောက် ပေးအပ်ခဲ့ကာ ဂျပန်နီပွန်ဖောင်ဒေးရှင်းမှ လူထုဖွံဖြိုးရေးကော်မတီထံသို့ ရန်ပုံငွေများ ပေးအပ်လှူဒါန်းခြင်းအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်းပေးအပ်ခဲ့သည်။

ထို့နောက်ဒေသခံ ကျောက်စုကျေးရွာ ပြည်သူများကိုယ်စား ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ကော်မတီအဖွဲ့ဝင် တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုပြီး ကျောင်းဝင်းအတွင်း အထိမ်းအမှတ် သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)