ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News၊ Kyodo News၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်းထောက်များ၏ မေးမြန်းမှုများဖြေကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News၊ Kyodo News၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်းထောက်များ၏ မေးမြန်းမှုများဖြေကြား


MNP ၊ ဖေဖော်ဝါရီ   ၂၃

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News၊ Kyodo News၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်းထောက်များအား ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အဖွင့်မိတ်ဆက်စကား ပြောကြားရာတွင် ယခုလို ထပ်မံဆုံတွေ့ခွင့် ရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါကြောင်း၊ အခါအခွင့်သင့်၍ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များကို ပြောကြားလိုပါကြောင်း၊ ယခုလို ဆွေးနွေးပြောကြားချက်များကို နိုင်ငံ တကာသို့ သတင်းစကားပါးပေးရန်နှင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းမှားများ၊ တစ်ဖက်သတ် စွပ်စွဲချက်များကို ရှင်းလင်းဖော်ပြပေးရန် အထူးပင် မေတ္တာရပ်ခံလိုပါကြောင်း။


ယခုဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ တစ်နှစ်တာကာလအတွင်း မိမိတို့ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ပြန်ကြည့်လျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးထိပ်ထားပြီး လုပ်သင့်လုပ်ထိုက်၊ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို မနားမနေဆောင်ရွက်ခဲ့သည်ကို သိမြင်နိုင်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံစေရေးကိစ္စများကို ဇောင်းပေးဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံရေးလုပ်ငန်း စဉ်နှစ်ခုဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်  စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် လုပ်ငန်းစဉ်များကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း။


ယင်းလုပ်ငန်းတာဝန်များကို ထမ်းဆောင်သည့်အခါ မသမာသူအကြမ်းဖက် သမားများ၏ ဟန့်တား နှောင့်ယှက်မှု၊ အမျိုးမျိုးကို ကြုံတွေ့ခဲ့ကြသော်လည်း ပြည်သူအများ၏ လက်ခံယုံကြည်မှု၊  အားပေး ကူညီမှုများ ရရှိခဲ့သည့်အတွက် အထိုက်အလျောက် အောင်မြင်မှုရှိသည်ဟု ဆိုနိုင်ပါကြောင်း။


ထပ်မံ၍ ပြောကြားလိုသည့်အချက် မှာမကြာသေးခင်ကကျင်းပပြီးစီးခဲ့သည့် မိမိတို့နိုင်ငံ၏ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကြီး ကျင်းပပြီးစီးမှုပင်ဖြစ်ပါကြောင်း၊ ယင်း အခမ်းအနားကြီးကို ကျောင်းသူ၊ ကျောင်းသားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက စိတ်အားတက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး နိုင်ငံရေး ပါတီကိုယ်စားလှယ် များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည့်အတွက် မြန်မာနိုင်ငံတွင် ကျင်းပသည့် အခမ်းအနားများထဲမှ အနှစ်သာရ အပြည့်ဝဆုံးနှင့် အခမ်းနားဆုံးအဖြစ် ပြည်သူအားလုံးက မှတ်တမ်းတင်  ဂုဏ်ပြုခဲ့ကြပါ ကြောင်း။


ယခုကဲ့သို့ အခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအားလုံးက နားလည်ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် အတူတကွတည်ရှိနေသည်ကို ပြသနိုင်ခဲ့သည်ဟု ပြောကြားလိုပါ ကြောင်း။


ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက် ထာဝရ ငြိမ်းချမ်းရေးရရှိရေးသည် အလွန်အရေးကြီးသည်ဟု မိမိတို့ခံယူထားပါကြောင်း၊ ယနေ့အချိန်တွင် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားပါကြောင်း၊ ထိုသို့ ဖိတ်ခေါ်သည့်အခါ ထူးခြားချက်အနေဖြင့် ဆွေးနွေးမည့် အကြောင်းအရာများကို ကြိုတင်ကန့်သတ် ချက်မထားဘဲ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်ရန် ရည်ရွယ်ချက်ထားရှိပြီး ဖိတ်ခေါ် ထားခြင်းဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့်ပြောရလျှင် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ် ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ် စတင်မည်ဖြစ်ကြောင်းကို အသိပေး ပြောကြားလိုပါကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုက ရေစီစနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် လုပ်ငန်းစဉ် နှင့်ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ငန်းစဉ်များကို ယခုနှစ်မှစပြီး ပြည်သူများနှင့်အတူ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၏ တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်၊ ချင်းနှင့် ကယားပြည်နယ်တို့ကဲ့သို့သော နိုင်ငံ၏အစွန်အဖျားဒေသများ၌ ထိန်းချုပ်မှု စိုးမိုးမှု ဆုံးရှုံးနေပါသလား မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက CRPH, NUG, PDF စသည့် အကြမ်းဖက် အဖွဲ့အစည်းများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ် များကို မကြာခဏလုပ်ဆောင်ပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့် ဆောင်ရွက် နေကြသည်ကို သတင်းထောက်ကြီးအသိပင် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အကြမ်းဖက်ဥပဒေမဲ့ ရမ်းကားသည့် လုပ်ရပ်များကြောင့် ပြည်သူများသည် အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြစွာ၊ စိတ်မချမ်းသာစွာ နေထိုင်နေကြရပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ရရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို အချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူမှုဘဝများ ပုံမှန်ရှင်သန် လည်ပတ်နိုင်အောင် လုံခြုံရေး ရှုထောင့်က အလေးထားဆောင်ရွက်နေသောကြောင့် ထိန်းချုပ်နိုင်မှု၊ နိုင်ငံ့လုံခြုံရေး စိုးမိုးနိုင်မှု ဆုံးရှုံးခြင်းမျိုး မဖြစ်ပါကြောင်း၊ စိတ်ခံစားမှုကိုရှေ့တန်းတင်ပြီး တရားဥပဒေမဲ့ လူမဆန်သည့်လုပ်ရပ် များအတွက် အချိန်တိုအတွင်း ဥပဒေဘောင်အတွင်းက လူ့အခွင့်အရေးဆုံးရှုံး မှုမရှိစေရေး အလေးထား ဆောင်ရွက်ခဲ့ သည့်အတွက် နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ရာနှုန်းပြည့်ထိန်းချုပ် ထားနိုင်သည်ဟု ဖြေကြားလိုပါကြောင်း၊ နယ်စပ်ဒေသများတွင် CRPH, NUG, PDF တို့၏ လက်နက်ပြခြိမ်းခြောက်မှု  များကို တပ်မတော်က ရှင်းလင်းဆောင်ရွက်ပေးနေပြီး ပြည်သူလူထုကို အပြည့်အဝ ကာကွယ်စောင့် ရှောက်ပေးနေပါကြောင်း၊ ယခုကဲ့သို့ တရားမဲ့အနိုင်ကျင့် သတ်ဖြတ်မှုများကို ပြည်သူများက မခံမရပ်နိုင် ဖြစ်နေကြောင်း စာများရေးသား တင်ပြမှုများလည်းရှိနေပါကြောင်း၊ နိုင်ငံ၏ နေရာဒေသအားလုံးတွင် လုံခြုံတည်ငြိမ်ရေးကို လုံးဝထိန်းချုပ်ထားနိုင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များက ရပ်ကွက်/ ကျေးရွာ အုပ်စု ၁၆၃၇၀ တွင် အုပ်ချုပ်ရေးမှူး ၁၅၇၄၂ ဦး ခန့်အပ်ပြီး ဖြစ်ပါကြောင်း CRPH, NUG, PDF တို့၏ ခြိမ်းခြောက်မှုကြောင့် နုတ်ထွက်သွားသည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူး ၃၁၇၆ ဦးရှိခဲ့ရာ ၂၆၁၉ ဦး ပြန်လည်ခန့်အပ်ထားနိုင်ပြီဖြစ်ပြီး မြို့ရွာလုံခြုံရေးကို အပြည့်အဝဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားသည်။


ယင်းနောက် တပ်မတော်မှ အခြားဘက်သို့ ကူးပြောင်းခိုလှုံသွားသည့်သတင်းများ ရရှိထားသည့်အတွက် လူကြီးမင်းအနေဖြင့် မည်သို့တုံ့ပြန် ရှင်းလင်းပြောကြားလိုပါသလဲ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ယင်းကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်သားများ အပြစ်ကျူးလွန်ခဲ့မည်ဆိုပါက တပ်မတော်သား များအတွက် ပြဋ္ဌာန်းထားသည့် တပ်မတော်၏ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီ အရေးယူ  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလားတူ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ဥပဒေကို ချိုးဖောက်ကျူးလွန်ဆောင်ရွက်ခဲ့မည်ဆိုပါက ရဲတပ်ဖွဲ့၏ စည်းမျဉ်း စည်းကမ်းဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ်ပါကြောင်း၊ အင်တာနက်စာမျက်နှာပေါ်တွင် တွေ့မြင်နေရသည့်သတင်းများသည် ဥပဒေချိုးဖောက်ပြီး ၎င်းတို့၏အပြစ်ကို ဝန်ခံရန် သတ္တိမရှိသည့် သူရဲဘောကြောင်သော လောက်ကောင်တစ်ယောက် နှစ်ယောက်၏ သတင်းများသာဖြစ်ပြီး ယင်းသတင်းများကို ပုံကြီးချဲ့ပြောဆို လွှင့်တင်နေကြခြင်း ဖြစ်ပါကြောင်း၊ ဥပဒေကို ချိုးဖောက်ပြီး အမှန်တရားကို ရင်ဆိုင်ဖြေရှင်းရန် ကြောက်ရွံ့သည့် လက်ချိုးရေ၍ရသည့် အရေအတွက် အနည်းငယ်သာ အကြောက်တရားနှင့် စည်းရုံးမှုကြောင့်သာ ပါသွားခြင်းမျိုး ဖြစ်ပါကြောင်း၊ တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှာ နိုင်ငံတော်နှင့် ပြည်သူများအပေါ် ၁၀၀ ရာခိုင်နှုန်း အပြည့် သစ္စာစောင့်သိစွာ၊ တာဝန်ကျေစွာ အချိန်ပြည့်ထမ်းရွက်လျက်ရှိနေကြပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ရှိသည့် နိုင်ငံ့ဝန်ထမ်းများသည် လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ တရားမျှတ မှန်ကန်သည့် နိုင်ငံတော်စီမံခန့်ခွဲမှုအပေါ် ယုံကြည်လေးစား လက်ခံမှုကို (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံ့ဝန်ထမ်းများ ချီတက်မှုက သက်သေပြလျက်ရှိပါကြောင်း ဖြေကြားသည်။


ထို့နောက် CRPH, NUG, PDF အဖွဲ့များကို အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့များနှင့် သဏ္ဌာန်တူသည့် အကြမ်းဖက် ဝါဒဖြင့် ချိတ်ဆက်နေသူများအဖြစ် မြန်မာပြည်သူများ၏ စိတ်တွင် ထင်ဟပ်စေရန် လူကြီးမင်းအနေဖြင့် ပြသသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အကျိုးဖြစ်ထွန်းစေပါသလား၊ လူကြီး မင်း၏သဘောထားမှာ မည်သို့ရှိပါသလဲ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ၎င်းအဖွဲ့များသည် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ များကို ထိခိုက်ပျက်စီးစေခြင်း၊ လမ်း တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်စေရေး မြို့ရွာများ အား မီးရှို့ဖျက်ဆီးခြင်း၊ အကြောင်းမဲ့သတ်ဖြတ်ခြင်းစသည့် နိုင်ငံတကာတွင် အကြမ်းဖက်အဖွဲ့အစည်းများ ပြုလုပ်နေသည့် လုပ်ရပ်များကဲ့သို့ အပြစ်မဲ့သည့် မိမိနိုင်ငံသားများကို လုပ်ဆောင်နေကြသော ကြောင့် အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ကြေညာခဲ့ရပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို ဥပဒေဘောင် အတွင်းမှ တရားနည်းလမ်းကျစွာ ဖြေရှင်းဆောင်ရွက်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကအခြေခံ အကြောင်းတရားဖြစ်ပါကြောင်း၊ တရားဥပဒေမဲ့ လူသတ်၊ မီးရှို့ ဖျက်ဆီး၊ မိုင်းထောင်ဖောက်ခွဲ၊ ငါနှင့်မတူငါ့ရန်သူဆိုပြီး ဒလန်ဟုစွပ်စွဲမှုများသည် အကြမ်းဖက်ဝါဒ စစ်စစ် ဖြစ်သည့်အတွက် ယင်းဝါဒကို လက်ကိုင်ပြု ဥပဒေပြင်ပ လုပ်ဆောင်မှုမှန်သမျှကို မည်သည့် နိုင်ငံ၊ မည်သည့်အစိုးရကမျှ လက်ခံခွင့်လွှတ် နိုင်မည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် CRPH, NUG, PDF အဖွဲ့များသည် လူမဆန်သည့် အကြမ်းဖက်အဖွဲ့များ ဖြစ်သည်ဟု အတိအကျအခိုင်မာ ပြောလိုပါ ကြောင်း။


အကြမ်းဖက်သမားများ၏လုပ်ဆောင် မှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှု၊ သေဆုံးဒဏ်ရာရရှိမှု၊ သိမ်းဆည်းရရှိမှုနှင့် ဖမ်းဆီးရရှိမှု စာရင်းများမှာ လမ်း တံတားများဖျက်ဆီးခံရမှု ၅၂၅ ခု၊ ဆေးရုံ၊ ဆေးခန်းများဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်း၊ ပညာရေးအဆောက်အဦများ ဖျက်ဆီးခံရမှု ၅၀၄ ခု၊ ရဟန်းသံဃာများ သေဆုံးမှု ၂၀၊ အစိုးရဝန်ထမ်းများ သေဆုံးမှု ၉၅ ဦး၊ အစိုးရဝန်ထမ်းများ ဒဏ်ရာရရှိမှု ၁၅၃ ဦး၊ တစ်နှစ်တာအတွင်း အကြမ်းဖက်မှု ၉၄၃၇မှု၊ လက်နက်မျိုးစုံ သိမ်းဆည်းရရှိမှု ၅၆၀၆ ခု၊ ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိမှု ၁၆၁၅၅၆ ခု၊ လက်ပစ် ဗုံးများသိမ်းဆည်းရရှိမှု၁၈၉၀၊ လက်လုပ် မိုင်း/ ဗုံးများသိမ်းဆည်းရရှိမှု ၁၁၄၂၄ ခု၊ အကြမ်းဖက်သမားများ ဖမ်းဆီးရရှိမှု ၄၃၃၈ ဦးဖြစ်ပါကြောင်း၊ CRPH, NUG, PDF အကြမ်းဖက် အဖွဲ့များသည် ငါနှင့်မတူငါ့ရန်သူဟု သဘောထားသတ်မှတ်ပြီး အပြစ်မဲ့ပြည်သူများကို ဒလန်စွပ်စွဲ  သတ်ဖြတ်နေကြပြီး ဘုန်းတော်ကြီး ရဟန်းသံဃာများကိုပါ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ပြပြီး ပြည်သူများကို အကြောက်တရားနှင့် ခြိမ်းခြောက်ကာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို တရားဥပဒေမဲ့ကျူးလွန် ဖောက်ဖျက်နေသူများ ဖြစ်သည်ဟု ဖြေကြားသည်။


ဆက်လက်၍ ဂျပန်သတင်းဌာန ဖြစ်သည့် Nikkei Asian News သတင်းဌာန၏ လာမည့် ရွေးကောက်ပွဲကို မည်သည့်နေ့တွင် ကျင်းပမည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော် တာဝန်ကို ခေတ္တလွှဲပြောင်းယူခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ထဲမှ ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် လုပ်ဆောင်ဖွယ်ရာများ လုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့်ပါတီအားအာဏာ ပြန်လည် လွှဲပြောင်းပေးမည်ဟု ပါရှိပါကြောင်း၊ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရလာသည့်အပေါ် (၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၉ အရ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့် အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားပြီး ယခုလက်ရှိ နိုင်ငံတာဝန်ကို ထမ်းဆောင်နေသည့် အဆင့်ဆင့်သော အာဏာပိုင် အဖွဲ့အစည်းများက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၀ အရ ဖွဲ့စည်းသည့်ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကလည်း (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကဏ္ဍအလိုက် မိမိတို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း တာဝန်များကို စနစ်တကျ လွှဲပြောင်းပေးသွားမည် ဖြစ်ပါကြောင်း။


လက်ရှိအခြေအနေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို အထူးဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆောင်ရွက်မှသာ ပြည်သူများ၏ လိုလားချက်ဖြစ်သည့် “စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်” လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိ လာမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


ယင်းနောက် တပ်မတော်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို လက်တွေ့ကျစွာ ပြန်လည်တည်ဆောက် နိုင်နေပြီလား မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးလုပ်ငန်းများကို အစိုးရ အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေး မှုကော်မတီကို ယခင်က အဖွဲ့ဝင် ၄ ဦး ဖြင့် ဖွဲ့စည်းထားရာမှ အဖွဲ့ဝင် ၇ ဦးအထိ တိုးချဲ့ဖွဲ့စည်းပေးခဲ့သည်ကို တွေ့မြင် ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြင်ဆင် ဖွဲ့စည်းလိုက်ခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် အလွန်အရေးကြီး ကြောင်းတပ်မတော်အနေဖြင့် ခံယူထားမှုကို ပြသလိုက် ခြင်းဖြစ်ပါကြောင်း။


ထိုကဲ့သို့ ခံယူထားသည့်အတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင်ထာဝရငြိမ်းချမ်းရေးအတွက် ကြေညာချက်အမှတ် ၁/ ၂၀၂၂ ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ထိုသို့ဖိတ်ခေါ်သည့် ကြေညာချက် ကိုကြည့်လျှင် တပ်မတော်သည် ယခင်ဖိတ်ခေါ်ဆောင် ရွက်မှုများနှင့်မတူဘဲ ဆွေးနွေးရမည့် အကြောင်းအရာ များကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သရွေ့ လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ဖိတ်ခေါ်ထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။


ယင်းကြေညာချက်နှင့်အတူ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ EAO များကို စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားသို့ တက်ရောက်ရန် လေးစားစွာ ဖိတ်ခေါ်ခဲ့သည်ကိုလည်း တွေ့ရမည် ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ် ၂၀ ခန့် ထုတ်ပြန်ရပ်စဲပေးခဲ့သည်ကို ကြည့်လျှင် တပ်မတော် အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပြီး ငြိမ်းချမ်းရေးရရှိရန် လက်တွေ့ကျစွာ ဆောင်ရွက်နေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း။


ထို့ပြင် ကျန်းမာရေးထက် အရေးကြီးသည့် အရာမရှိဟု ခံယူထားသည့်အတွက် EAO များကို ကိုဗစ်-၁၉ ရောဂါ မကူးစက်စေရန်အတွက် ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများကို ဦးစားပေး အလေးထား စီစဉ်ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ထိုအရာများကို ခြုံငုံကြည့်မည်ဆိုလျှင် တပ်မတော်သည် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA သဘောတူညီချက်များနှင့်အညီ ဖြစ်နိုင်သမျှ လုပ်ဆောင် နေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် တစ်နိုင်ငံလုံးရေရှည်တည်တံ့ ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် တပ်မတော်၏ အပြင်းပြဆုံးဆန္ဒ ဖြစ်သည်ဟု ပြောနိုင်ပါကြောင်း၊ ထို့ပြင် ၂၀၂ခုနှစ်တွင် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်း များကို အားသွန်ခွန်စိုက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။


ယင်းနောက် မြန်မာနိုင်ငံ၏ ဒေသတွင်း စီးပွားရေးမိတ်ဖက်အစီအစဉ်များကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကာလအတွင်း နိုင်ငံခြားကုမ္ပဏီများမှာ ၎င်းတို့၏ နိုင်ငံများကို ပြန်သွားကြကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှစ၍ ပြန်ဝင်လာခဲ့ကြသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် Business visa ထောက်ခံဆောင်ရွက်ပေးပြီး Relief Flight များဆောင်ရွက်ပေးခဲ့သည့် ကုမ္ပဏီပေါင်း ၃၂၀၀ ကျော်ရှိပြီး နိုင်ငံခြားသားအရေ အတွက်အားဖြင့် ၉၀၁၀ ရှိပါကြောင်း၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှု ကြောင့် ထွက်ခွာသွားသည့် ကုမ္ပဏီကြီး များရှိသကဲ့သို့ အသစ်ဝင်လာသည့် ကုမ္ပဏီများလည်း ရှိပါကြောင်း။    


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်မှ၂၀၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုတွင် လုပ်ငန်းပေါင်း ၄၄ ခု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ခွင့်ပြုပေးခဲ့ပါကြောင်း၊ ယင်းတို့အနက် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၃၀၆၂ ဒသမ ၁၃၈ သန်းဖြင့် ပထမ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၃၇ ဒသမ ၅၆၄ သန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁၉၉ ဒသမ ၈၉၄ သန်းဖြင့် တတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားပါကြောင်း။


နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု (By Country)ကို ကြည့်လျှင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံပေါင်း ၁၄ ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ အမေရိကန်ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ဝင်ရောက်ခဲ့ပါကြောင်း၊ ယင်းတို့အနက် ယူနိုက်တက်ကင်းဒမ်း နိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၅၀၄ ဒသမ ၄၃၅ သန်းဖြင့် ပထမ၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုပမာဏ အမေရိကန်ဒေါ်လာ ၅၁၆ ဒသမ ၄၂၉ သန်းဖြင့် ဒုတိယ၊ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၄၂ ဒသမ ၂၀၂ သန်းဖြင့် တတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားပါကြောင်း။


လက်ရှိအခြေအနေတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေသည်ကို ပြန်တက်လာရန် အတွက် ရင်းနှီးမြှုပ်နှံသူများ လက်ရှိကြုံတွေ့ နေရသည့်အခွန်အခများကို ဖြေရှင်းပေးနိုင်ရန် ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ရင်းနှီးမြှုပ်နှံသူများ ဘဏ်မှ လွယ်ကူလျင်မြန်စွာ ငွေထုတ်ယူနိုင်ရေး ကူညီ ဆောင်ရွက်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံ သူများ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်ရေးအတွက် လိုအပ်သော ထောက်ခံချက်များ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနေသကဲ့သို့ ရင်းနှီးမြှုပ်နှံသူ များ၏ အခက်အခဲကို ပိုမိုထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်တွက် DICA Online Solution – DOSo စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မကြာခင် အများပြည်သူများ လွယ်ကူ လျင်မြန်စွာ အသုံးပြုနိုင်တော့မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ပေးသည့် လုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူစေရန်နှင့် အချိန်ကုန် သက်သာစေရန်အတွက် ဒစ်ဂျစ်တယ် နည်းလမ်းပေါ်သို့ ခေါ်ဆောင်သွားသည့် Investment Monitoring Software Phase 1 ဆောင်ရွက် နေပြီဖြစ်ပါကြောင်း။


ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာစေရေးအတွက် Investor Targeting Campaign ကို စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အစီအစဉ်အရ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအပါအဝင် အခြား မိမိတို့မိတ်ဆွေ သင့်လျော်သည့်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆွဲဆောင် စည်းရုံးသွားမည်ဖြစ်ပါကြောင်း။


မြန်မာနိုင်ငံတွင် နိုင်ငံတကာက ကုမ္ပဏီများ ပြန်လည်ဝင်ရောက်ရင်းနှီးမြှုပ်နှံလာရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင် ရွက်လျက်ရှိပါကြောင်း၊ အဓိကအနေဖြင့် ရင်းနှီးမြှုပ်နှံ သူများအတွက် ခိုင်မာသည့် အာမခံချက်နှင့် စီးပွားရေးအကျိုးရလဒ် များအတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အကာအကွယ်ပေးထားပါကြောင်း၊ ယခုဆိုလျှင် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့စေရေးစီမံချက် Myanmar Economic Recovery Plan (MERP) ကို စည်းကမ်းစနစ်တကျဖြင့် ရေးဆွဲထားပြီး အမြန်ဆုံးအကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုစီမံ ချက်တွင် လုပ်ငန်းအစီအစဉ် ၁၀ ခု၊ မျှော်မှန်းချက် ၃၀၊ ရလဒ် ၁၆၅ ခုနှင့် လုပ်ငန်းစဉ်ပေါင်း ၄၃၀ ပါဝင်ပါကြောင်း၊ စီမံချက်သည် ကာလတို၊ ကာလလတ် စီမံချက်ဖြစ်သော်လည်း အချို့လုပ်ငန်းစဉ်များကို ကာလရှည်ဆက်လက်  အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းစီမံချက်ထဲတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများ အတွက် နံပါတ်တစ် အာမခံချက်၊ နံပါတ်နှစ် နိုင်ငံတကာမှ စီးပွားရေး စံသတ်မှတ်ချက်၊ နံပါတ်သုံး လုံခြုံရေး၊ နံပါတ်လေး လိုအပ်လာပါက အခြားသော ဖြေလျှော့မှု များကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် ပြင်ပကမ္ဘာမှ မဟုတ်မမှန် လုပ်ကြံချဲ့ကားသတင်းများကို မယုံကြည်ကြဘဲ စိတ်ချလက်ချ ရဲရဲတင်းတင်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြပါရန် အလေးအနက် ဖိတ်ခေါ်လိုပါကြောင်း ဖြေကြား သည်။


ထို့နောက် ဂျပန်သတင်းဌာန Kyodo News ၏ ICJ ကြားနာမှုနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲမှု များကို မည်သို့ ချေပကိုင်တွယ်သွားမည်လဲ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံကို ဂမ်ဘီယာ နိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ ၁၉၄၈ ခုနှစ်၊ လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် တရားစွဲဆိုခဲ့ပါကြောင်း၊ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ တရားရုံးတွင် စီရင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံ အနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း၊ ကနဦး ကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် တင်သွင်း ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိပါကြောင်း၊ အဆိုပါ ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်အတူ ပူးတွဲကိုယ်စားလှယ် (Altemate Agent) ဖြစ်သူဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ပါဝင်တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါကြောင်း၊ ထို့နောက် မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံတကာရှေ့နေများက မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့် ပတ်သက်၍ တရားရုံးသို့ တင်ပြလျှောက်လဲခဲ့ကြပါကြောင်း။


မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ်နှုတ်ဖြင့်လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၈ ရက် တွင်လည်းကောင်း ပြုလုပ်သွားကြမည်ဖြစ်ကြောင်း ဖြေကြားသည်။


ဆက်လက်၍ ဂျပန်သတင်းဌာန Asahi Shinbon ၏ NUG သည် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်ကိုသိရှိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သဘောထားမှာ ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးကိစ္စတွင် မည်သို့ရှိသည် ကိုသိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၏ မှတ်တမ်းများအရ လည်းကောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရ လက်ထက် ကောက်ယူသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများစာရင်းတွင် လည်းကောင်း၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်နှင့် ၁၉၃၁ ခုနှစ် လူဦးရေသန်းခေါင်စာရင်းများတွင်လည်းကောင်း၊ လွတ်လပ်ရေး ရပြီး ကောက်ယူသည့် ၁၉၅၃-၁၉၅၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (ပထမအဆင့်)၊ ၁၉၇၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်လူဦးရေ သန်းခေါင်စာရင်းနှင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတို့တွင် လည်းကောင်း ရိုဟင်ဂျာဟူသည့် အမည်ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ နယ်ချဲ့ဗြိတိသျှ ကိုလိုနီခေတ် သန်းခေါင်စာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိ သည့်အပြင် ဗြိတိသျှခေတ် (Gazette) များ၌လည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ကြောင်း။


တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူ ဘင်္ဂါလီလူမျိုးများသည် ၎င်းတို့မှာ ဘင်္ဂါလီလူမျိုးများ မဟုတ်ကြောင်း ရိုဟင်ဂျာလူမျိုးအဖြစ်သာ အသိအမှတ်ပြုရန် အတင်းအကျပ် တောင်းဆိုနေခြင်း ဖြစ်ပါ ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ တိုင်းရင်းသားများအား မွေးရာပါနိုင်ငံသားများ အဖြစ်လည်းကောင်း၊ တိုင်းရင်းသား မဟုတ်သူများအား ဥပဒေအရ နိုင်ငံသားအဖြစ်လည်းကောင်း၊ လူမျိုး၊ ဘာသာ၊ ယောက်ျား၊ မိန်းမမရွေး ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဥပဒေအရ နိုင်ငံသားအဖြစ် နိုင်ငံသား လျှောက်ထားသူများအနက် မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသူများသည် နိုင်ငံသားစိစစ် ခံရမည့်သူ၏ သက်သေခံလက်မှတ် (NV Card) ကို ထုတ်ပေးလျက်ရှိပြီး (NV Card) ကိုင်ဆောင်ထားသူ များသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ အဖြစ် အဆုံးအဖြတ်ခံ လျှောက်ထားခွင့်ရှိပါကြောင်း၊ NV Card အား မြန်မာနိုင်ငံအတွင်း တရားဝင်နေထိုင်လျက်ရှိကြပြီး မည်သည့် အထောက်အထား တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်းမရှိသူ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ ဂေါ်ရခါး၊ ကိုးကန့်၊ ခိုလုံလီနှင့် မုန်းဝန်းလူမျိုး တို့အား ထုတ်ပေးထားပါကြောင်း ဖြေကြားသည်။


ယင်းနောက် NUG သည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက် ဖြေရှင်းခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရကိုယ်စားပြု အဖွဲ့များက ICJ ကြားနာပွဲသို့ တက်ရောက်နေသည်ကို သိရှိရကြောင်း၊ ယင်းသို့ ကုလသမဂ္ဂ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ICJ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ကိုယ်စား လှယ်များ တက်ရောက်ခြင်းက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား မြန်မာနိုင်ငံ ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာ ရောက်ပါသလား  မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတစ်နိုင်ငံ၏ လက်ရှိအခြေအနေများကို လက်တွေ့ကျကျ  ကိုင်တွယ်ဖြေရှင်းနိုင်သည့် အစိုးရဟု သတ်မှတ်ယုံကြည်မှုရှိ၍သာ ယခုကိစ္စကို နိုင်ငံတကာတရားရုံး (ICJ) တွင် လာရောက်ဖြေရှင်းရန် ဖိတ်ခေါ်ခြင်း ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည်ဆိုခြင်းကို ယုံမှားသံသယဖြစ်စရာအကြောင်း လုံးဝ (လုံးဝ) မရှိပါကြောင်း ဖြေကြားသည်။


ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)