ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် စိုက်ပျိုးရေရရှိရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် Victory Garden တိရစ္ဆာန် ဥယျာဉ်နှင့် အပန်းဖြေပန်းခြံအား တက်ရောက်ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် စိုက်ပျိုးရေရရှိရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် Victory Garden တိရစ္ဆာန် ဥယျာဉ်နှင့် အပန်းဖြေပန်းခြံအား တက်ရောက်ဖွင့်လှစ်ပေး

 




MNP - ဖေဖော်ဝါရီ    ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် ရေလွှဲဆည်တစ်ခု တည်ဆောက်ပေးပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ပြည်နယ်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများဖြစ်ပါကြောင်း၊ ယနေ့ တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများ၏ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် ရေလွှဲဆည်တစ်ခုတည်ဆောက်၍ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ဆောင်ရွက်နိုင်မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တာလောကြီးကျေးရွာအုပ်စုအတွင်း၌ လယ်ယာစိုက်ပျိုးနေမှု အခြေအနေများ၊ ရေအရင်းအမြစ်အခြေအနေနှင့် ရေလွှဲဆည်တည်ဆောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ရမည့် အခြေအနေများ၊ လယ်ယာမြေများ ဖော်ထုတ်ပြီး အထွက်နှုန်းတိုး မျိုးစပါးနှင့် သီးထပ်သီးနှံများ စိုက်ပျိုးဆောင်ရွက်နိုင်သည့် အခြေအနေများကို သုံးသပ်ရှင်းလင်း တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေများအတွက် ရေလွှဲဆည်တစ်ခု တည်ဆောက်၍ စိုက်ပျိုးရေလုံလောက်စွာပေးနိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ရေအရင်းအမြစ် အခြေအနေများနှင့် မြေပြင်အခြေအနေကို စနစ်တကျ ကွင်းဆင်းတိုင်းတာ စစ်ဆေးသွားနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာအုပ်စု၊ လွယ်ခေါကျေးရွာအတွင်း တည်ဆောက်ထားရှိသည့် ပုဂ္ဂလိကပိုင် Victory Garden တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေပန်းခြံသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ပန်းခြံပိုင်ရှင် ဒေါ်ဘောမ်လုံတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ပန်းခြံဖွင့်လှစ်ပေးခြင်း အောင်ပွဲအဖြစ် ပန်းခြံအတွင်းရှိ မနောကွင်း၌ ကချင်တိုင်းရင်းသားတို့၏ ရိုးရာမနောအကဖြင့် စုပေါင်းကခဲ့ကြပြီး နိုင်ငံကျော် အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ Victory Garden တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေပန်းခြံသည် မြေဧရိယာ ၉ ဧကခန့် ကျယ်ဝန်းပြီး ငွေကျပ်သိန်း ၁၅၀၀ ကျော် အကုန်အကျခံ၍ ဒေသတွင်း ငှက်မျိုးစိတ်များ၊ တောရိုင်း တိရစ္ဆာန်များ ပြသပေးထားခြင်း၊ ရေကူးကန်များ၊ ကလေးကစားကွင်း၊ ဒေသထွက် သစ်ခွမျိုးစိတ်များ၊ သစ်ပင်ပန်းမံများဖြင့် အလှဆင်ထားပြီး ဝင်ကြေးပေး၍ စိတ်ကြိုက်လည်ပတ်နိုင်မည် ဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်း ပထမဆုံးသော တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေပန်းခြံတစ်ခုဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)