ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရမည်ဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့ သူနာပြု ဆရာ/ ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကိုလိုက်နာကျင့်ကြံ ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရမည်ဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့ သူနာပြု ဆရာ/ ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကိုလိုက်နာကျင့်ကြံ ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း ပြောကြား


 MNP ၊ မတ် ၂၈

ကျန်းမာရေးဝန်ကြီးဌာန သစ်လွင်သူနာပြုများ ခန့်အပ်တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှ  လတ်တလော ဖြစ်ပွားနေသည့်  ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း သူနာပြုသားဖွားများ၏ အင်အားကို ဖြည့်တင်းနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုရေး ဦးတည်ချက်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားကျန်းမာရေး မူဝါဒနှင့်အညီ၊ အမျိုးသားကျန်းမာရေး စီမံကိန်း၊ ကျေးလက်ဒေသ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မြန်မာ့ကျန်းမာရေး ဆိုင်ရာ မျှော်မှန်းချက် နှစ် (၃၀) နှစ်ရှည် စီမံကိန်းတို့ကို စနစ်တကျ ရေးဆွဲပြီး နယ်စပ်ဒေသကျေးလက် အစွန်အဖျား အပါအဝင် တစ်နိုင်ငံလုံးကို ကျန်းမာ ရေး စောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။


ကျန်းမာရေး စီမံကိန်းများကို  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာအကျိုးပြုမည် ဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များထဲတွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်မွေးထုတ်မှု၊ အသုံးချမှု၊ နေရာချထားမှု၊ စီမံခန့်ခွဲမှုများကို စနစ်တကျ ဆောင်ရွက်ခြင်းနှင့် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ နိုင်ငံတော်၏လိုအပ်ချက်နှင့်အညီ  လုံလောက်စွာ မွေးထုတ်ခြင်းဟူ၍ သတ်မှတ်ထားခဲ့ပါကြောင်း၊  ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များဖြစ်သည့် ဆရာဝန်များ၊ သူနာပြု ဆရာဆရာမများ၊ သားဖွားဆရာမများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ နှစ်စဉ်လေ့ကျင့်မွေးထုတ်လျက် ရှိကြောင်း။


ယခု အလုပ်ခန့်အပ် တာဝန်ပေးအပ်ခံရမည့် သူနာပြုဆရာ/ ဆရာမများကို အထူးမှာကြား လိုသည်မှာ နိုင်ငံတော်တာဝန်ကို အုတ်တစ်ချပ် သဲတစ်ပွင့် ထမ်း ရွက်ရာ၌ မိမိတို့တာဝန်ကျရာ  နေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရမည်ဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့ သူနာပြု ဆရာ/  ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကိုလိုက်နာကျင့်ကြံ ကြစေလိုကြောင်း၊ ပြည်သူလူထု နှင့် ဆက်ဆံရေးကို ပညာပြည့်ဝ နှလုံးလှစွာ ချိုသာပျူ ဆက်ဆံ ကြပါရန်နှင့် အခြေခံသူနာပြုစုမှု နှင့် သားဖွားအတတ်ပညာများဖြင့် ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင် စွာဖြင့် ပြုစုပေးနိုင်သောသူနာပြု ဆရာ/ဆရာမကောင်းများ ဖြစ်ကြစေလိုကြောင်း၊ သူနာပြုမိခင်ကြီး ဖလောရင့်စ်နိုက်တင်ဂေးလ်၏ စိတ်ဓာတ်၊ မြန်မာနိုင်ငံမှ ဖလောရင့်စ်နိုက်တင်ဂေးလ် ဆုရရှိခဲ့သည့် သူနာပြုလေးဦးတို့ကို စံပြုထား၍ ကိုယ်ကျိုးစွန့်ပြီး လူနာများ၏ အသက်အန္တရာယ်များကို ကာကွယ်ပြုစုစောင့်ရှောက်ပေး ရမည်ဖြစ်ပါကြောင်း၊ မည်သည့်  အခြေအနေမျိုးဖြင့် ကြုံတွေ့ စေကာမှု လူနာများကို တာဝန်မဲ့စွာ စွန့်ခွာသွားခြင်းမျိုး မပြုလုပ်စေလိုကြောင်းကို အထူးအလေး ထား မှာကြားလိုပါကြောင်း။


လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်  ရရှိစေရန်အတွက် မိမိတို့ကျရာ  အခန်းကဏ္ဍအသီးသီးမှ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအကျိုး၊ ပြည်သူ့အကျိုးကိုဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြသည့် ဂုဏ်ယူထိုက်သော သူနာပြုဆရာဆရာမ ကောင်းများ ဖြစ်ကြစေရန် ဆန္ဒပြုပါကြောင်း မှာကြားသည်။


ထို့နောက် နေပြည်တော်၊ မုံရွာ၊ လွိုင်ကော် သူနာပြုသင်ကျောင်းများမှ သင်တန်းပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု များအတွက် သူနာပြုခန့်အပ် တာဝန် ပေးအပ်ခြင်းများကို ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းက ပေးအပ်ရာ သက်ဆိုင်ရာသစ်လွင် သူနာပြု ကိုယ်စားလှယ်များက လက်ခံရယူပြီး သစ်လွင်သူနာပြု တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။


ယနေ့ အခမ်းအနားတွင် နေပြည်တော်၊ မုံရွာ၊ လွိုင်ကော် သူနာပြုသင် ကျောင်းများမှ သင်တန်း ပြီးမြောက်အောင်မြင် ခဲ့သူ သစ်လွင်သူနာပြု ၆၅ ဦးကို ကျန်းမာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ လည်းကောင်း၊ သူနာပြု သားဖွားသင်တန်းကျောင်း ၂၂ ကျောင်းမှ သင်တန်း ပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၁၉ ဦးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၌ လည်းကောင်း သစ်လွင်သူနာပြုများ ခန့်အပ်၊  တာဝန်ပေးအပ်ခဲ့ပြီး စုစုပေါင်း  သစ်လွင်သူနာပြု ၆၈၄ ဦး ခန့်ထားခဲ့ကြောင်း သိရှိရသည်။


ထို့ပြင် မကြာမီသင်တန်းပြီးဆုံး မည့် သားဖွားဆရာမ ၁၆၅ ဦးကိုလည်း အမြန်ဆုံး အလုပ်ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ပြီး  ကျန်ရှိနေသေးသော သူနာပြုသားဖွား သင်တန်း၊ ပေါင်းကူး သင်တန်းများကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)