ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား ပို့လွှတ်နေသည့် ဓာတ်အားလိုင်း တာဝါတိုင်များ ဖျက်ဆီးခြင်းခံရသည့်အတွက် လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်မှုမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား ပို့လွှတ်နေသည့် ဓာတ်အားလိုင်း တာဝါတိုင်များ ဖျက်ဆီးခြင်းခံရသည့်အတွက် လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်မှုမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ပြောကြား




MNP ၊ မတ် ၅  

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ထိန်းညှိဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၌ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ရောင်းချထားသော ဓာတ်အားခများ ရရှိရေးတို့နှင့်ပတ်သက်၍ ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးတို့ကိုလည်း အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား ပို့လွှတ်နေသည့် ဓာတ်အားလိုင်း တာဝါတိုင်များ ဖျက်ဆီးခြင်းခံရသည့်အတွက် လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်မှုမရှိခြင်း၊ LNG ဈေးနှုန်း အဆမတန်မြင့်တက်ပြီး နိုင်ငံတကာ ရေနံဈေးကွက် တည်ငြိမ်မှုမရှိ၍ ဝယ်ယူရန်ခက်ခဲနေသည့် ကာလအတွင်း LNG ဓာတ်ငွေ့ရည်သုံး ဓာတ်အားပေး စက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှု (၇၅၀) မဂ္ဂါဝပ်ခန့် ရပ်တန့်ထားရခြင်းတို့ကြောင့် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်နိုင်မှုသည် သုံးစွဲမှုထက် လျော့နည်းနေသည့်အတွက် ဝန်အားထိန်းညှိခြင်း၊ ဝန်အားလျော့ချရခြင်းတို့ ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း။ 

ထိုသို့ ဓာတ်အားထုတ်လုပ်မှု မလုံလောက်သည့် ကာလအတွင်းတွင်လည်း အချိန်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးသည့်စနစ်ကို ပြည်သူများသိရှိအောင် အသိပေး ကြေညာခြင်းများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ထမ်းများသည် ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့နေသူများဖြစ်၍ ပြည်သူလူထုအား နားလည်နိုင်စေရန် ရှင်းလင်းပြောကြားသွားကြရန် လိုအပ်ကြောင်း၊ ပျက်စီးသွားသော တာဝါတိုင်များကိုလည်း အမြန်ဆုံးပြင်ဆင်ပြီး ဓာတ်အားပို့လွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ကျောက်ဖြူဒေသ၌ (၁၅၀) မဂ္ဂါဝပ် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသည့်အပြင် အခြားသော အရင်းအမြစ်များမှလည်း ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှု အနည်းဆုံးနှင့် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် အချိန်မီ ဖြန့်ဖြူးပေးပို့နိုင်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း၊ သုံးစွဲခဲ့သည့် ဓာတ်အားခ ကောက်ခံခြင်းများကိုလည်း သတ်မှတ်ရက်များအတိုင်း အပြည့်အဝ ရရှိစေရေး၊ မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခ ကောက်ခံခြင်း ကိစ္စရပ်များကိုလည်း တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက် ဓာတ်အားတိုးတက် သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများ ကောက်ခံရရှိမှုတို့ကို တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)