ရခိုင်ပြည်နယ်၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



  MNP -  မတ်   ၂၆

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော် ရခိုင်ပြည်နယ်၌ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ယခုညှိနှိုင်း အစည်းအဝေးသည် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျရောက်မယ့် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား စည်ကား သိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ ယခင်ပြီးခဲ့သည့်နှစ်များက နယ်မြေတည်ငြိမ် အေးချမ်းမှု အခြေအနေနှင့် ကိုဗစ်-၁၉ရောဂါအခြေအနေ များကြောင့် အမျိုးမျိုးသော ပွဲလမ်းသဘင်များ သာမက သာရေး၊ နာရေး ကိစ္စရပ်များအထိ အကျဉ်းချုံးပြီးသာ ကျင်းပခဲ့ကြပါကြောင်း၊ ယခုအခြေ အနေကာလမှာ အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး အဖက်ဖက်က ကြိုးပမ်း ဆောင်ရွက် နေကြခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ တည်ငြိမ်အေးချမ်းနေပြီး ကိုဗစ် -၁၉ ကူးစက်ရောဂါ ကိုလည်း အထိုက်အလျောက် ကာကွယ်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း၊ ထို့ပြင် လာမည့်ဧပြီလကုန်အပြီး ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၇၄ ရာခိုင်နှုန်းအထိ လွမ်းခြုံမှုရရှိအောင် ထိုးနှံထားပြီဖြစ်ပါကြောင်း၊ ယခုကျရောက်မည့် နှစ်ကူးအတာ သင်္ကြန်ပွဲတော်ကို  ကိုဗစ် -၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဧပြီလ ၁၃ ရက်နေ့ အကြိုနေ့မှ၊ ၁၆ ရက်နေ့ အတက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နှစ်သစ်ကူး အတာင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနဲ့ စည်ကားသိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပနိုင်ရန်က ပထမ၊ ဒုတိယက အများပြည်သူ လုံခြုံစိတ်ချစွာနှင့် သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲ့နိုင်ရန်၊ တတိယက ပြည်နယ် အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများအားလုံး သာမက ပြည်သူလူထုနှင့်ပါ အတူတကွပူးပေါင်းပြီး နှစ်သစ်ကူးအတာသင်္ကြန် အခါသမယကို ချစ်ခင်စည်းလုံးစွာ ဖြတ်သန်းကြနိုင်ရန်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် သင်္ကြန်အကြိုနေ့မှာ နံ့သာသွေးခြင်း ဘုရားရေ သပ္ပါယ်ခြင်း၊ နှစ်ဆန်း တစ်ရက်နေ့တွင် သက်ကြီးရွယ်အိုများအား ပူဇော်ခြင်းတို့ကို ကျင်းပလျက်ရှိပါကြောင်း၊ အဆိုပါပွဲတော်များကိုလည်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပူဇော်ကျင်းပစေလိုကြောင်းနှင့် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာ သူများကလည်း စိတ်ရောကိုယ်ပါ အားတက်သရော ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးပေးကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ယခင်နှစ်များ က သင်္ကြန်ပွဲတော်ကျင်းပခဲ့မှုများနှင့် ယခုနှစ်ပွဲတော် ကျင်းပရေး အတွက် ဝိုင်းဝန်းဆွေးနွေး တင်ပြကြသည်။

အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

သတင်း - တင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)