ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ဖို့ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြပါ၊ ထိုးနှံနိုင်ဖို့လည်း ဝိုင်းဝန်းကူညီပေးကြပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ဖို့ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြပါ၊ ထိုးနှံနိုင်ဖို့လည်း ဝိုင်းဝန်းကူညီပေးကြပါ



MNP - မတ်   ၅

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်မှုမှ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ဆက်စပ် ဌာနများပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံခြင်း၊ အသိပညာမြှင့်တင်ပေးခြင်း၊ ကုသခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကြည်လွင်အား တွေ့ဆုံမေးမြန်းထားမှုအား ရေးသားဖော်ပြပေး လိုက်ပါတယ်။

မေး။  ။ ဆရာကြီးမင်္ဂလာပါ။ ဒီကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးဟာဆိုရင် ဘယ်နိုင်ငံက စတင်ပြီးတော့ ကူးစက် လာတယ်ဆိုတာကို သိပါရစေရှင့်။

ဖြေ။    ။  အိုမီခရွန်ရောဂါပိုး ဆိုတာကတော့ ကိုဗစ်-၁၉ဗိုင်းရပ်စ်ပါဘဲ၊ ကိုဗစ်-၁၉ ဗိုင်းရပ်စ်က ဒီလူတွေကို ကူးစက်လာတဲ့အခါမှာ မျိုးကွဲတွေဖြစ်ပေါ်လာ တတ်ပါတယ်။ အဲ့ဒီတော့ ဒီမျိုးကွဲတွေကို ကျွန်တော်တို့ WHO နဲ့ ဒီဓာတ်ခွဲခန်းတွေက ပုံမှန်စမ်းသတ်တာတွေ လုပ်ပါတယ်။ စောင့်ကြည့်တာတွေ လုပ်တော့ မျိုးကွဲတွေတွေ့ရပါတယ်။ အယ်လ်ဖာ၊ ဗီတာ၊ ဂမ်မာ ဒီလိုဘဲမျိုးကွဲတွေကို  နာမည်တွေပေး ထားတာတွေရှိပါတယ်။ အဲ့ဒီတော့ အိုမီခရွန်ရောဂါပိုးဆိုတာကတော့ ဒီမျိုးကွဲတစ်ခုရဲ့ နာမည်ဘဲဖြစ်ပါတယ်။ ဒီမျိုးကွဲကို စတွေ့တာတော့ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ ကျွန်တော်တို့ တောင်အာဖရိကနိုင်ငံ ကနေပြီးတော့ စတင်တွေ့ရှိခဲ့ပါတယ်ခင်ဗျာ။ ပြီးတော့ နိုင်ငံပေါင်းအများမှာ တွေ့ရှိနေတာ ဖြစ်တယ် ခင်ဗျာ။

မေး။   ။ ဒီအိုမီခရွန်ရောဂါပိုးဟာဆိုရင် ဘယ်နှစ်နိုင်ငံထိကူးစက်နေပြီလဲ ခင်ဗျာ။

ဖြေ။    ။အခုတော့ စစ်ဆေးတွေ့ရသလောက်ဆိုရင် အိုမီခရွန်ရောဂါပိုးတွေ့တဲ့ နိုင်ငံကကမ္ဘာ့နိုင်ငံ အားလုံး နီးပါးမှာ တွေ့နေရပြီခင်ဗျာ။

မေး။   ။ ဟုတ်ကဲ့ပါ ဆရာကြီးရှင့် ဒီအိုမီခရွန်ရောဂါပိုး ကူးစက်ခံရပြီဆိုရင် ဘယ်လိုလက္ခဏာမျိုးတွေ ခံစားရပါသလဲ ဆရာကြီးရှင့်။

ဖြေ။    ။ ဟုတ်ကဲ့ ဒီအိုမီခရွန်ရောဂါပိုးဟာဆိုရင် စောစောက ကျွန်တော်တင်ပြသလိုဘာဘဲ ကိုဗစ်-၁၉ ရဲ့ မျိုးရိုးဗီဇပြောင်း ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီရောဂါမှာလည်း ကိုဗစ်-၁၉ ရဲ့ရောဂါ လက္ခဏာတွေ တွေ့ရပါတယ်။ အထူးသဖြင့်ကတော့ ကိုယ်ပူတယ်၊ နောက်ပြီးတော့ ချောင်းဆိုးတယ်။ လည်ပင်းနာတယ်။ ကိုယ်လက် မအီမသာဖြစ်တယ်။ နောက်ပြီးတော့ ကိုက်တယ်။ ခဲတယ်။ ဒီလို သာမာန်လက္ခဏာတွေရှိပါတယ်။ ဆိုတော့ ရောဂါပြင်းထန်လာလို့ရှိရင်တော့ အဖျားတအားကြီးတယ်။ နောက် အောက်ဆီဂျင်တွေ ကျတယ်။ အသက်ရှူလို့မဝဘူး။ သတိလဲတယ်။ နှလုံးသွေးကြောပိတ်တယ်။ အသက်သေဆုံးတယ်။ ဒီလိုပြင်းပြင်း ထန်ထန်လည်း ဖြစ်နိုင်ပါတယ်။

မေး။   ။ဟုတ်ဆရာကြီး ဒီလိုအိုမီခရွန်ရောဂါပိုးမဖြစ်ဖို့၊ မကူးစက်နိုင်ဖို့အတွက် ရှောင်ရန် အချက်လေးတွေကိုလည်း သိပါရ စေဆရာကြီး။

ဖြေ။    ။ အိုမီခရွန်ရောဂါပိုးမဖြစ်ဖို့အတွက်ကတော့ ကိုဗစ်-၁၉ ‌ရောဂါကာကွယ်တဲ့ နည်းလမ်းတွေကို ဆောင်ရွက်ရပါတယ်ခင်ဗျာ။ အဓိကကတော့ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ပါ၊ လက်ကိုဆပ်ပြာနဲ့ ခဏခဏဆေးပါ။ ခပ်ခွာခွာနေပါ။ ဒါတွေဟာ ကူးစက်နိုင်တဲ့ အတွက် ဒီလိုလုပ်ဆောင်ရပါမယ်။ နောက်တစ်ခု ကတော့ နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းစည်း(Mask)ကို လုံခြုံအောင် ဖုံးအုပ်ပါ။ လူများကို မကူးစက်အောင်အတွက် လက်ကိုင်ပဝါနဲ့အုပ်ပြီးတော့ ဆိုးဖို့လိုသလို တတောင်ဆစ်ကွေးနဲ့အုပ်ဆိုးဖို့ ဒါမျိုးတွေကို လေ့ကျင့်လိုက်နာဖို့လိုပါတယ်။ ဒီကိုဗစ်-၁၉ ကို အဓိကကာကွယ်နိုင်တဲ့ အဓိကနည်းလမ်းကတော့ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးတာဖြစ်ပါတယ်။ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားလို့ရှိရင် ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အခုဆေးရုံတွေမှာ တက်ရောက် ကုသတဲ့လူနာတွေ အများကြီးရှိပါတယ်။ လူနာတွေ အများကြီးထဲမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားတဲ့ လူတွေလည်းပါပါတယ်။ မထိုးထားသေးတဲ့ လူတွေလည်းပါပါတယ်။ ဆိုတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားပြီးတဲ့လူတွေက ရောဂါလက္ခဏာတွေ မရှိသလောက်ပါဘဲ။ အထူးသဖြင့် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မရှိပါဘူး။ ကာကွယ်ဆေး မထိုးရသေးတဲ့လူတွေက ရောဂါလက္ခဏာပိုတာတွေရှိပါတယ်။ တချို့တစ်လေပြင်းထန် တာတွေရှိပါတယ်။ တချို့တလေက အသက်သေဆုံးတဲ့အထိဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့က ဒီကိုဗစ်ရောဂါကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဒီကာကွယ်ဆေးထိုးတာက အကောင်းဆုံးလို့ ကျွန်တော်တို့ တင်ပြလိုပါတယ်။

မေး။   ။ဒီအိုမီခရွန်ရောဂါပိုးဟာဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ ကူးစက်ဖြစ်ပွားမှု အခြေအနေ ကိုလည်း သိပါရစေ ဆရာကြီး။

ဖြေ။    ။ကျွန်တော်တို့ ကမ္ဘာနဲ့အဝှမ်း အိုမီခရွန်ရောဂါပိုးတွေ တွေ့တယ်ဆိုကတည်းက ရခိုင်ပြည်နယ်မှာ ဖြစ်သလား ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ခဲ့ပါတယ်။ ပုံမှန်လည်းဘဲ ပိုးတွေ့တဲ့ လူနာတွေဆီက နမူနာတွေယူပြီးတော့ ရန်ကုန်ကိုပို့ပြီးတော့ စစ်ဆေးမှုများလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စစ်ဆေးတဲ့နမူနာ ကိုးခုမှာ ကိုးခုလုံး အိုမီခရွန်ရောဂါပိုး တွေ့ခဲ့ပါတယ် ခင်ဗျာ။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်နေပြီလို့ ကျွန်တော်တို့ပြောလို့ရပါတယ်။

မေး။   ။ဒီအိုမီခရွန်ရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆရာကြီးတို့ ပြည်သူ့ကျန်းမာရေး ဌာနအနဲ့ ပူးပေါင်းလုပ်ဆောင်နေတာကိုလည်း သိပါရစေဆရာကြီး။

ဖြေ။    ။ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အပိုင်းတွေကတော့ရှိပါတယ်။ အဓိကကတော့ ဒီရောဂါတွေ ဖြစ်ပွားနေပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က ကုသရေးကို အဓိကလုပ်ပါတယ်။ ရောဂါ ကုသဖို့အတွက် ကိုဗစ်ကုသဆောင်တွေ ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအမံတွေ၊ အကူအညီတွေနဲ့ ကျွန်တော်တို့ ဖွင့်ထားတာရှိပါတယ်။ ဆေးရုံတွေအားလုံးမှာ ကိုဗစ်ကုသဆောင်တွေရှိပါတယ်။ ဒါ့အပြင် လူနာတွေ များလာလို့ရှိရင် လူနာတွေကို ထားနိုင်ဖို့အတွက် (Positive Centre)လို့ဆိုတဲ့ ပိုးတွေ့ လူနာတွေ ထားဖို့အတွက်လည်း အဆောင်တွေ ဆောင်ရွက်ထားတာ တွေရှိပါတယ်။ နောက်တစ်ခုကတော့ ဆေးဝါးတွေပါ။ ဒီကိုဗစ်လူနာတွေကို ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ် တွေက ဆိုးဆိုးဝါးဝါး ခံစားဖူးခဲ့တဲ့အခါကျတော့ ဆေးဝါးပြည့်စုံဖို့အတွက် ကြိုတင်စုဆောင်းထားတာ တွေရှိပါတယ်။ နောက်တစ်ခုကတော့ အထူးသဖြင့် အောက်ဆီဂျင်ပါဘဲ။ အောက်ဆီဂျင်ရရှိဖို့အတွက် ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့ အကူအညီနဲ့ ဒီအောက်ဆီဂျင်တွေ ပြည့်ပြည့်ဝဝထုတ်လုပ် နိုင်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ထားတာတွေရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့ကလည်းဘဲ ကျန်းမာရေး ဌာနတင်မကပါဘူး။ ဒီအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နောက်တစ်ခုက လူမှုဝန်ထမ်း ဦးစီးဌာန၊ လူမှုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဒီကုသရေးစင်တာတွေမှာ တာဝန်ချတာတွေ ဆောင်ရွက်ပါတယ်ခင်ဗျာ။ အဲ့လိုပါဘဲ ပိုးတွေ့လူနာတွေ တွေ့ရင် ဆေးရုံဆေးခန်းတွေကို စနစ်တကျ ပို့ဆောင်နိုင်ဖို့အတွက် အရေးပေါ်ကားတွေကောအသင့် ပြင်ထားတာတွေရှိပါတယ်။ နောက်ပြီးရင် ဒီကိုဗစ်ရောဂါ သံသယ ဖြစ်တယ်လို့ ထင်တယ်၊ ဖျားတယ်၊ နာတယ်ဆိုလို့ရှိရင် လာပြနိုင်ဖို့ ဆေးရုံ ဆေးခန်း တွေမှာ ဆေးခန်းဖွင့်လှစ်ပြီးတော့ ပြည်သူလူထုအနေနဲ့ ဆေးကုသမှုခံယူနိုင်အောင် အဓိက ဆောင်ရွက် ထားပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဖြစ်ပွားမှုရှိတဲ့အတွက် ကုသမှုလုပ်ငန်းတွေကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကာကွယ်ရေး လုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ ဆောင်ရွက် ရပါတယ်။ ကာကွယ်ရေး လုပ်ငန်းမှာတော့ ကျွန်တော်တို့ အဓိကအားဖြင့် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေ အဓိက လိုအပ်တဲ့အတွက်ကြောင့် ပြည်သူလူထုတွေကို အသိပညာပေး တာတွေကို အသိပညာ မြှင့်တင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီး အသိပညာတွေရရှိဖို့အတွက် ကျွန်တော်တို့ ဘေဘုတ်တွေ ထောင်တယ်။ ပိုစတာတွေကပ်တာ တွေရှိတယ်။ လက်ကမ်းစာစောင်တွေဝေတယ်။ Mask Campaign တွေလုပ်ကြတယ်။ တာမျိုးတွေကို ကျွန်တော်တို့ ဆောင်ရွက်ကြပါတယ်။ နောက်တစ်ခုက ဒီကာကွယ်ရေးလုပ်ငန်းမှာ အဓိက အရေးကြီးတဲ့တစ်ချက်က ဒီရောဂါရှိတဲ့လူတွေကို သီးခြားခွဲထုတ်ဖို့ အရေးကြီးပါတယ်။ ရောဂါသံသယ ရှိတဲ့လူတွေ၊ ကူးစက်မှုမြင့်နိုင်တဲ့ လူနာတွေကို ခွဲထုတ်ရတာတွေကို ကျွန်တော်တို့လုပ်ရပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အနေနဲ့ကတော့ ရောဂါရှာဖွေဖော်ထုတ်တဲ့ လုပ်ငန်းတွေကို အဓိကဦးစား ပေးပြီးလုပ်ပါတယ်။ ဒါတွေကို မြို့နယ်တိုင်းမှာလုပ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှိပါတယ်။ အဲ့ဒီတော့ နိုင်ငံခြားက နေပြီးတော့ ဝင်လာ နိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီနိုင်ငံခြားက နယ်စပ်ကုန်သွယ်ရေးက ဝင်လူတဲ့လူတွေကို အထူးသဖြင့် ဒီမောင်တော့နဲ့ စစ်တွေမှာပေါ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာတွေ ထားပြီးတော့ သူတို့တွေမှာ ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးတာတွေကို ကျွန်တော်တို့က ပုံမှန်စစ်ဆေးတာတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ် ခင်ဗျာ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူပြည်သားတွေ ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံဖို့အတွက် ဆောင်ရွက်နေပါတယ်။ ကာကွယ်ဆေးထိုးတဲ့အခါမှာ ဒီကာကွယ်ဆေးရဲ့ အရေအသွေး ပြည့်ဝဖို့က အထူးအရေးကြီးပါတယ်။ နောက်နည်းစနစ် မှန်မှန်ထိုးနှံနိုင်ဖို့၊ အဓိကကတော့ ပြည်သူလူထုက ကာကွယ်ဆေးရဲ့အာနိသင်အပြည့်အဝရရှိဖို့ ကျွန်တော်တို့က လုပ်ဆောင်မှုတွေ အများကြီးလုပ်ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ကာကွယ်ဆေးလုံခြုံမှုလို့ခေါ်တဲ့ ကာကွယ် ဆေးမပျက်စီးအောင်၊ ကာကွယ်ဆေး ထုတ်လုပ်တဲ့ အချိန်ကစပြီးတော့ နောက်ဆုံးဒီပြည်သူလူထုကို ထိုးနှံတဲ့အချိန်အထိ အာနိသင်ပြည့်ပြည့်ဝဝ ရရှိဖို့အတွက် ဒီအအေးလမ်းကြောင်းက အထူးဘဲ အရေးကြီးပါတယ်။ ဒီအအေးလမ်းကြောင်း မပျက်အောင်၊ သယ်ယူပို့ဆောင်တဲ့ ပစ္စည်းတွေ၊ ကိရိယာတွေ ယာဉ်တွေကအစ သိုလှောင်တဲ့ အချိန်မှာကအစ ကာကွယ်ဆေး ထိုးတဲ့အချိန်မှာ စနစ်တကျ ထိုးနှံနိုင်ဖို့အတွက် ကျွန်တော်တို့ဒီဟာမျိုးတွေကို ဆောင်ရွက်နေတာရှိပါတယ်။ ဒါကတော့ ကာကွယ်ရေးလုပ်ငန်း အနေနဲ့ကျွန်တော်တို့ ဆောင်ရွက်ချက်တွေဖြစ်ပါတယ်။

မေး။   ။ ဆရာကြီးအနေနဲ့ ဒီဒီလိုအိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှုက ကာကွယ်နိုင်ဖို့အတွက် လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ဖြည့်စွက်ပြောစရာများရှိရင် ပြောကြားပေးပါရှင့်။

ဖြေ။    ။ အခုကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေအရကတော့ ကမ္ဘာအနှံအပြားမှာ တွေ့ရှိမှု အများဆုံးက ဒီအိုမီခရွန်ရောဂါပိုးဖြစ်ပါတယ်။ ဒုတိယအဖြစ်အများဆုံးက Data လို့ခေါ်တဲ့ ပြီးခဲ့တဲ့ နှစ်ကဖြစ်ပွားခဲ့တဲ့ မျိုးကွဲဖြစ်ပါတယ်။ ဒီမျိုးကွဲနှစ်ခုဟာ အဓိကအများဆုံးဖြစ်ပါတယ်။ ဒီလိုဖြစ်နေတဲ့ အချိန်မှာ ဒီလိုအိုမီခရွန် အနေနဲ့ကော Data အနေနဲ့ကော ကိုဗစ်-၁၉ ဖြစ်တဲ့အတွက်ကြောင့် ရောဂါပြင်းထန်နိုင်ပါတယ်။ အသက် သေဆုံးတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့ ပြည်သူလူထုအနေနဲ့ ဒီရောဂါကို ပေါ့ပေါ့ဆဆမရှိစေချင်ပါဘူး၊ အလေးအနက်ထား ပြီးတော့ ဒါကျွန်တော်တို့ ဆုံးရှုံးမှုတွေလည်း အများကြီး ကြုံခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုမျိုး ထပ်မကြုံ နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်ခင်ဗျာ။ အထူးသဖြင့်ကတော့ ဒီအိုမီခရွန်ရောဂါဟာ ကူးစက်မှုအမြန်ဆန်ဆုံးဖြစ်ပါတယ်။ အလွန်ဘဲမြန်ဆန်ပါတယ်။ နဂိုရှိတဲ့ ကိုဗစ်ရောဂါထက် ငါးဆ လောက်သူက ကူးစက်မှုနှုန်းမြန်တယ်လို့ဆိုပါတယ်။ ကူးစက်ခံရရင်လည်း အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်အောင်အတွက် ကာကွယ်ဖို့နည်းလမ်းက အကောင်းဆုံးဖြစ်ပါတယ်။ ကာကွယ်နိုင်တဲ့နည်းတွေထဲကလည်း အကောင်းဆုံးနည်းလမ်းကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေ ကိုဗစ်ရောဂါ အန္တရာယ်က ကင်းဝေးဖို့အတွက် ဒီကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို အကြိမ်ပြည့် ထိုးနှံကြပါ။ တခြား ပြည်သူတွေကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ဖို့အတွက် ကျွန်တော်တို့ ပြည်သူတွေ အားလုံးကလည်း ဝိုင်းဝန်းကူညီပေးပါလို့ ကျွန်တော့အနေနဲ့ မေတ္တာ ရပ်ခံလိုပါတယ် ခင်ဗျာ။

ဟုတ်ကဲ့ပါ အခုလိုမျိုးအချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် ဆရာကြီးကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။

သတင်း - တင်ထွန်း

တွေ့ဆုံမေးမြန်း- ဒေါ်ခင်ယုယုနွယ် 

ဓာတ်ပုံ - ကံထွန်း

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)