(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ



MNP ၊ မတ် ၂၃

(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ သည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် မတ်(၂၃)ရက် ရောက်တိုင်း ကျင်းပခြင်းဖြစ်ကြောင်း၊ ယခု (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ “သဘာဝ ဘေးအန္တရာယ်လျော့ပါရေး ကြိုတင်သတိပေးမှုနှင့် တုံပြန်ဆောင်ရွက်မှုကို မြှင့်တင်ပေး”၊   (“Early Warning and Early Action. Hydrometeorological and Climate Information for Disaster Risk Reduction’’) ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့် ရာသီဥတုဆိုင်ရာ အစွန်းရောက်အဖြစ်အပျက်များသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ပိုမိုဖြစ်ပွားလာခဲ့ရာ အထူးသဖြင့် ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံး ဒေသများဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလျက်ရှိသလို မြန်မာနိုင်ငံမှာလည်း သိသိသာသာ ခံစားနေရပါကြောင်း၊ မုတ်သုံ အဝင်နောက်ကျခြင်း၊ အထွက်စောခြင်းတို့ကြောင့် ပျမ်းမျှမုတ်သုံကာလများဟာ တိုတောင်းလာရာ ယခင်က မုတ်သုံကာလ (၁၄၄)ရက်ရှိခဲ့ရာမှ၊ ယခုအခါ မုတ်သုံကာလ (၁၂၁) ရက်သာ ရှိတော့တဲ့အတွက် မုတ်သုံကာလ (၃)ပတ်ကျော်လျော့ နည်းခဲ့ပါကြောင်း၊ ယခုလတ်တလော ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်အနေဖြင့် မြန်မာ့ပင်လယ်ပြင်မှာ ဖြစ်ပေါ်သွားတဲ့ မုန်တိုင်းဟာ နှစ်ပေါင်း (၁၀၀)ကျော်အတွင်း မတ်လ၌ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခြင်းသည် ပထမဆုံးဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Professor Petteri Taalas ၏ သဝဏ်လွှာကို ဗွီဒီယိုဖြင့်ပြသသည်။ ထို့နောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ Video Clip ကို ပြသခဲ့ပြီးနောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနား ဆောင်ပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုသော ခေတ်မီပစ္စည်းကိရိယာများနှင့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြသည်။ မွန်းလွဲပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင် ဘာသာရပ်ဆိုင်ရာ စာတမ်းများကို မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိတ်ဖက်ဌာနများ ဖြစ်သော ကျိုင်းတုံတက္ကသိုလ် (ပထဝီဝင်ဌာန)၊ ရန်ကုန်တက္ကသိုလ် (ပထဝီဝင်ဌာန)၊ လားရှိုးတက္ကသိုလ် (ဓါတုဗေဒဌာန)နှင့် နေပြည်တော်၊ စိုက်ပျိုးရေး သုတေသနဌာန(ရေဆင်း)တို့မှ စာတမ်းရှင်များက ဖတ်ကြားသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ကို (၁၉၅၁) ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁၉၆၁)ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယနေ့တွင် (၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)