MNP - မတ် ၂၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌လတ်တလော ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်း ရပ်ဝန်းအခြေအနေကြောင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ရန်ရည်ရွယ်၍ မုန်တိုင်းအန္တရာယ်အသိပညာပေး သတင်းစကား လက်ကမ်းစာစောင် များ (အခမဲ့) ဖြန့်ဝေခြင်းကို ယမန်နေ့ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့ မော်တော်ဘုတ်ဆိပ်၊ ကမ်းနားလမ်းနှင့် မြို့မဈေးကြီးများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင် ပုဏ္ဏားကျွန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများက ကမ်းနားလမ်း တစ်လျှောက်တွင် ကုန်တင်ကုန်ချပြုလုပ်နေသူများ၊ မော်တော်ကုတိုးလှေများ၊ ဈေးရောင်း၊ ဈေးဝယ်သူများနှင့် အငှားယာဉ်မောင်းနှင်နေသူများကို မုန်တိုင်းဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် မုန်တိုင်းသတိပေးချက်များ၊ မုန်တိုင်းဖြစ်ပေါ်ချိန်တွင် ရှောင်ရှား သင့်သည့်အချက်များ၊ မုန်တိုင်းတိုက်ခေတ်ချိန်တွင် လိုက်နာရမည့်အချက်များနှင့် မုန်တိုင်းဖြစ်ပေါ် ပြီးချိန်တွင် ပြုလုပ်ရမည့်အချက်များနှင့်မုန်တိုင်း၏ အန္တရာယ်ကို နားလည်သဘောပေါက် လွယ်ကူစေရန် အရောင်သင်္ကေတအဆင့်(၅)ဆင့်တို့ကို ထည့်သွင်းဖော်ပြထားရှိကြောင်း သိရသည်။
သတင်း - နီထွန်းအောင်
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment