ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း- သံဒီဇီးဖြူကုန်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း- သံဒီဇီးဖြူကုန်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ





MNP ၊ မတ် ၆

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒီဇီးဖြူကုန်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါလမ်းအပိုင်းရှိ လမ်းဖွင့်ပွဲမုဒ်ဦးရှေ့၌ ကျင်းပသည်။


အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဘက်/ နယ်ဘက်မှ အရာရှိကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ၊ ဘင်ခရာအဖွဲ့၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ တက်ရောက် ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက မြန်မာနိုင်ငံရှိ လူဦးရေ (၇၀ ရာခိုင်နှုန်း)သည် ကျေးလက် ဒေသများတွင် နေထိုင်ကြသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်မွန်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် များစွာပါဝင်ပါကြောင်း။


ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများသည့်အတွက် ကျေးလက်လမ်းများကို ကွန်ယက် သဖွယ်ဖောက်လုပ်ထားသော လမ်းမိုင်ပေါင်း (၄၀၀၀) ကျော်နှင့် တံတားအစင်းပေါင်း (၂၀၀၀)ကျော်ကို တည်ဆောက်ထားပြီး နောက်ထပ်လည်း လမ်းနှင့်တံတားများကို ထပ်မံတည်ဆောက်သွားမည် ဖြစ်ပါကြောင်း။


ယခုဖွင့်လှစ်သည့် ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒီဇီးဖြူကုန်း ကွန်ကရစ်လမ်းသည် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ထွက်ပေါက်ဖြစ်သည့် မဟာဗျူဟာကျသည့် လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ ယခုလမ်းသည် အရှည် (၁၄)မိုင် (၆)ဖာလုံရှည်လျားပြီး ၎င်းလမ်းပေါ်တွင် တံတား (၇)စင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ (၁၄)ပေ အကျယ် ကွန်ကရစ်လမ်း (၄)မိုင် (၂)ဖာလုံနှင့် အရှည် ပေ (၄၀) တံတား (၂)စင်း၊ အရှည် ပေ  (၁၅၀) တံတား (၁) စင်း၊  စုစုပေါင်း တံတား (၃) စင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။


ကျန်ရှိသည့်လမ်းအပိုင်းနှင့် တံတားများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယနေ့ဖွင့်လှစ်သည့်လမ်းမကြီးကို ကွန်ကရစ်လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့သည့် အတွက် ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေမှာဖြစ် သည့်အတွက် ကျေးလက်နေ ပြည်သူများကိုယ်စား ဝမ်းမြောက်မိပါကြောင်း။


ယခုကဲ့သို့ ကျေးလက်လမ်း / တံတားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးလက် ထုတ်ကုန် များ ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူ ကူးသန်းရောင်းဝယ်နိုင်မှာဖြစ်သည့်အပြင် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်လာသည့်အတွက် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့ အဘက်ဘက်မှ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ် ချောင်းအင်းအိုင်များပေါများပြီး ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုရသည့်အတွက် ယခင်က သွားလာရေး ခက်ခဲပါကြောင်း၊ ယခုအချိန်တွင် ကွန်ယက်သဖွယ် ဆောက်လုပ်ထားသော လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက် လာမှုကြောင့် သွားလာရေး လွယ်ကူအဆင်ပြေပါကြောင်း ပြောကြားသည်။


ထိုနောက် ဒေသခံပြည်သူတစ်ဦးက ဒေးဒရဲ - တော်ကမယ် - ကျုံကြပ် - သာယာကုန်း -သံဒီဇီးဖြူကုန်း ကွန်ကရစ်လမ်းဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါကြောင်းနှင့် ကွန်ကရစ် လမ်းမကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့က ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒီဇီးဖြူကုန်း ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။


ယနေ့ဖွင့်လှစ်သည့် ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒီဇီးဖြူကုန်း ကွန်ကရစ်လမ်း သည် Class A အမျိုးအစားတွင်ပါဝင်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပတ်ဝန်း ကျင်ကျေးရွာ (၈၀)၊ အိမ်ခြေ (၉၈၀၀)၊ လူဦးရေ (၄၅၀၀၀) တို့ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ဒေသနေပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)