ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဆီးနှင်းနှင့် တောင်တန်း ဒေသခရီး သွားလုပ်ငန်းဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ညီလာခံသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဆီးနှင်းနှင့် တောင်တန်း ဒေသခရီး သွားလုပ်ငန်းဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ညီလာခံသို့တက်ရောက်




MNP - မတ်    ၂၄

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ ညနေပိုင်းတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပသော “ဆီးနှင်းနှင့် တောင်တန်းဒေသခရီးသွားလုပ်ငန်းဆိုင်ရာ (၁၁) ကြိမ်မြောက် ကမ္ဘာ့ ညီလာခံ” သို့  ဝန်ကြီးဌာန၊ နီလာခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်သည်။

ညီလာခံကို ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် ခရီးသွားဧည့်သည်များ လိုက်နာရမည့် စည်းမျဉ်းစည်း ကမ်းများ၊ ခရီးသွားအရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများပြုလုပ်ခြင်း၊ ရေရှည်တည်တံ့မှုနှင့် ဒစ်ဂျစ်တယ် နည်းပညာ ပြောင်းလဲအသုံးပြုမှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ မတ် ၂၃ ရက်မှ ၂၄  ရက်အထိ (၂) ရက်တာ ကျင်းပခြင်းဖြစ်သည်။

ညီလာခံသို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili ၊ အန်ဒိုရာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ကာဇက်စတန်နိုင်ငံ ယဉ်ကျေးမှုနှင့်အားကစား ဝန်ကြီး၊ စပိန်၊ ဂရိ၊ ဆလိုဗေးနီးယား၊ ပြင်သစ်၊ နော်ဝေ၊ အီတလီနိုင်ငံ တို့မှ ခရီးသွားလုပ်ငန်း၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဝန်ကြီးဌာနများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကခရီးသွားနှင့် နည်းပညာ ဆိုင်ရာ အဖွဲ့ အစည်းများ တက်ရောက်ကြသည်။

ညီလာခံတွင် အန်ဒိုရာနိုင်ငံ၊ ကာနီလိုမြို့တော်ဝန်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေး မှူးချုပ်နှင့် အန်ဒိုရာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ကြီးတို့က အဖွင့်အမှာစကားပြော ကြားသည်။

ယင်းနောက် ညီလာခံ၏ ပထမနေ့အစီအစဉ်အရ အဆင့်မြင့်စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ် တွင်အန်ဒိုရာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ကာဇက်စတန်နိုင်ငံ ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး၊ ဆလိုဗေးနီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာဌာန State of Secretary ၊ စပိန်နိုင်ငံ ခရီးသွားဌာန State of Secretary နှင့် ဂရိနိုင်ငံခရီးသွားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးတို့က တောင်တန်းဒေသ ခရီးစဉ်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် အနာဂတ် မျှော်မှန်းချက် ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် တောင်တန်း ခရီးစဉ်ဒေသများ ရေရှည် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကိုဗစ်ကာလအလွန် ဆောင်ရွက်သွား မည့် ခရီးသွားလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်များ၊ အနာဂတ်ကာလ ခရီးသွားလုပ်ငန်းအတွက် မျှော်မှန်းချက်များ နှင့်စပ်လျဉ်း၍ မိမိ တို့နိုင်ငံအလိုက် ကြုံတွေ့ရသည့် စိန်ခေါ်မှုများအနေဖြင့် နှစ်ပတ်လည် ခရီးစဉ် ဒေသဖြစ်ရေးနှင့် ပတ်သက်သည့် ကိစ္စ၊ The International Year of Sustainable Mountain Development 2022 ဆိုင်ရာကိစ္စ၊ တောင်တန်းဒေသခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ တောင်တန်းဒေသခရီးသွားလုပ်ငန်း ဆွဲဆောင်မှုများနှင့် လှုပ်ရှား ဆောင်ရွက်မှု များ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စ၊ ဝန်ဆောင်မှုပေးရာတွင် အဆင့်မီစွာ ပေးအပ်နိုင်ရေးအတွက် သင်တန်း စီအစဉ်များဆောင်ရွက်ရန်ကိစ္စ၊ ဆီးနှင်းနှင့် တောင်တန်းဆိုင်ရာ ခရီးစဉ်များတွင် အသုံးပြုသည့် လိုအပ်သောပစ္စည်းကိရိယာများ၊ အခြေခံအဆောက်အဦ များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ဆီးနှင်းနှင့် တောင်တန်းဒေသခရီးသွားလုပ်ငန်းအား သဘာဝအရင်း အမြစ်များနှင့် လိုက်လျောညီထွေဖြစ်စေရေး ဆိုင်ရာကိစ္စရပ်များ၊ နှင်းလျှောစီး အပန်းဖြေစခန်းများ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ဆီးနှင်းရှုခင်းများ ကြည့်ရှုနိုင်သည့် နေရာများ၊ နှင်းလျှောစီးအပန်းဖြေစခန်းများတွင် ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုများနှင့် ခရီးသွား လုပ်ငန်းသည် ဒေသခံများအတွက် အကျိုးရှိမရှိ အစရှိသည့် အချက်များ၊ ဖြေရှင်းဆောင် ရွက်လျက်ရှိသည့် နည်းလမ်း များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အန်ဒိုရာတယ်လီကွန်း၏ ကိန်းဂဏန်းအချက်အလက်နှင့် နည်းပညာဌာန မန်နေဂျာက မိုဘိုင်းဒေတာနှင့် လေ့လာချက်များအရ ရရှိထားသော အချက်အလက်များမှ တစ်ဆင့် တောင်တန်းဒေသခရီး သွား လုပ်ငန်းဆိုင်ရာသိကောင်းစရာများနှင့်စပ်လျဉ်း၍ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ရေး လုပ်ငန်းစဉ်များ တွင် Big Data အသုံးပြုမှုများအကြောင်းကို လည်းကောင်း၊ ဩစတြေးလျ၊ စပိန်၊ အန်ဒိုရာနှင့် နော်ဝေနိုင်ငံတို့မှ နည်းပညာကုမ္ပဏီများက ဒစ်ဂျစ်တယ် နည်းပညာ ပြောင်းလဲလာမှုနှင့် အနာဂတ် ခရီးသွားလုပ်ငန်းခေါင်း စဉ်ဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ တွင် နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းကိစ္စများ ကို လည်းကောင်း၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ခရီးသွားလုပ်ငန်း ကဏ္ဍဈေးကွက်နှင့် ယှဉ်ပြိုင်မှုဌာန အကြီး အကဲနှင့် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ စီမံကိန်းညှိနှိုင်းရေးမှူးတို့က ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ ချုပ်နှင့် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ရေရှည်တည်တံ့သော တောင်တန်းဒေသ ခရီးသွားလုပ်ငန်း အစီရင်ခံစာအပေါ် သုံးသပ်ချက်များအား ဆွေးနွေးသည်။

ညီလာခံ ဒုတိယနေ့အစီအစဉ်တွင် အီတလီ၊ အန်ဒိုရာ၊ ဂရိနှင့် ပြင်သစ်နိုင်ငံ တို့မှ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း တာဝန်ရှိသူများက  အစားအသောက်ဆိုင်ရာ   ခရီးသွား လုပ်ငန်းနှင့် စားနပ်ရိက္ခာဖူလုံရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ ဆန်းသစ်တီထွင်သော    အတွေ့အကြုံများနှင့်  စပ်လျဉ်း၍    ပြင်သစ်နှင့်    အန်ဒိုရာနိုင်ငံတို့မှ လည်းကောင်း၊ ဗြိတိန်၊ အန်ဒိုရာနှင့် ပြင်သစ်နိုင်ငံတို့မှ တာဝန်သိ ခရီးသွား လုပ်ငန်းဆိုင်ရာ ခရီးစဉ်ဒေသများဖြစ်ပေါ်လာစေရေးအတွက် စီမံအုပ်ချုပ်မှု၊ အလုပ်အကိုင် ဖန်တီး နိုင်မှုနှင့် စွမ်းဆောင်ရည်တိုးတက်လာစေရေး ဆိုင်ရာဆောင်ရွက်ချက်များ အစရှိသော ခေါင်းစဉ် များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ညီလာခံပိတ်ပွဲအခမ်းအနားတွင် ကာနီလိုမြို့တော်ဝန်၊ အန်းကန့်မြို့တော်ဝန်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်၏ ဥရောပဒေသဆိုင်ရာညွှန်ကြားရေးမှူးနှင့် အန်ဒိုရာနိုင်ငံခရီးသွား လုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ကြီးတို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)