MNP - မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်ကို မြို့လယ်လမ်းဆုံတွင် ဆောက်လုပ်မည်ဖြစ်ပြီး ဘဏ္ဍာငွေရှာဖွေရေး ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ အသီးသီးဖွဲ့စည်းပြီး ဌာနဆိုင်ရာများမှ ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားကြရန်၊ ရေရရှိရေး၊ စတုဒီသာကျွေးမွေးရေး၊ နှစ်ဆန်း(၁)ရက်နေ့ တွင် ပရိတ်တရားနာယူရန်နှင့်၊ သက်ကြီးပူဇော်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြား ခဲ့သည်။
ထို့နောက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဆွေးနွေးကြရာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - ကျော်ဇေယျဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment