MNP - မတ် ၁၁
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မကောအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ သီရိမင်္ဂလာရွှေကျားကျောင်း၌ တည်ထားကိုးကွယ်တော်မူသော ဇမ္ဗူအေးအောင်စကြာမုနိစေတီတော် ထီးတင်ပွဲအတွက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဆင်ဆာ့မ်ရပ်ကွက်၊ မြို့မကျောင်း၌ ပြုလုပ်သည်။
အစည်းအဝေးကို "နမောတဿ"(၃) ကြိမ်ရွတ်ဆို၍ စခဲ့ပြီး မြို့ဦးကျောင်းတိုက်ဆရာတော် ဦးဩဘာသက သီရိမင်္ဂလာရွှေကျားကျောင်း၌ တည်ထားကိုးကွယ်တော်မူသော ဇမ္ဗူအေးအောင် စကြာ မုနိစေတီတော် ထီးတော်တင်ပွဲ မတ်လ (၂၅) ရက်နေ့မှာ ပြုလုပ်မယ်၊ ကြီးကျယ် ခမ်းနားတဲ့ ပွဲတော်ကြီး ဖြစ်တယ်၊ တပည့်တကာ၊ တကာမအပေါင်းက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့၊ ပွဲဖြစ်မြောက်အောင်အား သွန်ခွန်စိုက် လုပ်အားငွေအားပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့နှင့် သာယာရွှေပြည်နယ်ဆရာတော် ဦးနာယကမှ သာသနာနဲ့ကြုံချိန်မှာ ကာယ အား၊ ဉာဏအားစိုက်ထုတ်ဖို့၊ ဆရာနဲ့တကာ စည်းစည်းလုံးလုံး အောင်မြင်အောင် ဆောင်ရွက် ကြဖို့ ဩဝါဒမိန့်ကြားခဲ့သည်။
ထို့နောက် ထီးတော်တင်ပွဲအတွက် ကော်မတီများ အသီးသီးဖွဲ့စည်းနောက် အစည်းအဝေး တက်ရောက်လာသည့် အလှူရှင်များမှ သီရိမင်္ဂလာရွှေကျားကျောင်းဆရာတော် ဦးပညာဝံသထံ အလှူငွေ သိန်းတစ်ရာကျော်၊ ဆန်အိတ် (၁၀) အိတ်နှင့် တနိုင်းမြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ ဆန်အိတ် (၂၅) အိတ် ဆက်ကပ်လှူဒါန်းကြပြီး စေတနာရှင် အလှူရှင်များမှလည်း တနိုင်းမြို့နယ်သာသနာရေး ဦးစီးမှူး ဦးရဲဇော် (09400039946)ထံ ဆက်သွယ် ပါဝင်လှူဒါန်း နိုင်ပါကြောင်း သိရသည်။
သတင်း - ဝါဝါ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment