ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်

 


MNP -  မတ်  ၃၁

ရခိုင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း မြင့်မားရေး၊ ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာရေးနှင့် မသမာမှုများ ကင်းရှင်းရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ အထောက်အပံ့အကူအညီများဖြင့် ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ပညာရေး မှူးရုံးမှ သိရသည်။

“ကျနော်တို့ပညာရေးမှူးရုံးအနေနဲ့ ဒီနှစ်ဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ အတွေ့အကြုံရရှိဖို့၊ စာမေးပွဲမှာ အထောက်အကူဖြစ်စေဖို့၊ အလေ့အကျင့် ရရှိဖို့အတွက် အကြိုစာမေးပွဲ စစ်ဆေးနိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်၊ အဲ့ဒီတော့ ပြည်နယ်အစိုးရအဖွဲ့က အကြိုစာမေးပွဲ အတွက် ငွေကျပ် သိန်း ၄၀ ကျော်ကို ထုတ်ပေးပြီးတော့ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေကို အမှတ် ၁၀၀ ဖို့ မေးခွန်းတွေ ထုတ်ပြီးတော့ စစ်ဆေးခဲ့ပါတယ်၊ ဒေသတစ်ခုရဲ့ ပညာရည်တိုးတက်ဖွံ့ဖြိုးမှုတွေကို တိုင်းတာတဲ့အခါမှာ ဒီတက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးဟာလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်နေတာကြောင့် ကျွန်တော်တို့ ပညာရေးဌာနအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ပေါ့ တက္ကသိုလ်စာမေးပွဲ အောင်ချက် မြင့်မားရေးကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက ပြောသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်တွင် စာစစ်ဌာန ၁၂၈ ဖွင့်လှစ်၍ စစ်ဆေး သွားမည်ဖြစ်ပြီး ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၂၃၃၃၁ ဦး၊ ပြင်ပကဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၂၂၂၆၉ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ  ၄၅၆၀၀ ဦး  ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း ထားကြောင်းသိရသည်။

ထို့သို့ဖြေဆိုရန်အတွက် စာစစ်ဌာန ၁၂၈ ခုတွင် ကြီးကြပ်ရေးမှူး ၁၂၈ ဦးနှင့် တွဲဖက်ကြီးကြပ်ရေးမှူး ၇ ဦးဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မသာမာမမှု ကင်းရှင်းရေး အတွက်လည်း မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအထိ သိရှိနိုင်အောင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်ပညာရေးမှူး ရုံးနေဖြင့်လည်း ကြီးကြပ်ရေးမှူးများကို ကူညီနိုင်ရန်အတွက် ပြည်နယ်၊ ခရိုင်ရုံးများမှလည်း တာဝန်ပေးထား လျက်ရှိကြောင်း ဒေါက်တာ ထွန်းထွန်းသိန်းက ပြောကြားသည်။

“ကျွန်းတော်တို့ ကြီးကြပ်ရေးမှူးတွေအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ စာစစ်ဌာနတစ်ခုကို ငွေကျပ် (၁) သိန်းနှုန်းနဲ့ စာစစ်ဌာန(၁၂၈) ခုအတွက် ငွေကျပ်(၁၂၈) သိန်း ကိုလည်း ထောက်ပံ့ ပေးထားပါတယ်၊ ဒီငွေပမာဏကတော့ မများသော်လည်း ကြီးကြပ်ရေးမှူး ဆရာကြီး၊ ဆရာမကြီးတွေအတွက် အတိုင်းအတာ တစ်ခုထိ အထောက်အပံ့ဖြစ်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အနေနဲ့ ဒီမသာမှုကင်းရှင်းရေး စတင်ဆောင်ရွက် ခဲ့တဲ့နှစ်မှာ ဆိုလို့ရှိရင် ရခိုင်ပြည်နယ်ရဲ့ အောင်ချက် ရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံးမှာ အောက်ဆုံးအခြေအနေ သို့ရောက်ရှိသွားခဲ့ပါတယ်၊ သို့သော်လည်း ကျောင်းသား၊ ကျောင်းသူတွေက မသာမာမှုလုပ်လို့ မရတော့ဘူး ဆိုတဲ့ အသိတွေကြောင်း ကြိုးစားလာကြတဲ့အခါမှာတော့ အောင်ချက်ရာခိုင်နှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။  ဒီနှစ်မှာလည်း အောင်ချက်ရာခိုင်နှုန်း မြင့်နိုင်မယ်လို့မျှော်လင့်မိပါတယ်”ဟု ဒေါက်တာ ထွန်းထွန်းသိန်း ကပြော သည်။

ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းမှာ ၂၀၁၅- ၁၆ ခုနှစ်တွင် ၃၄၈၂၂ ဦးဝင်ရောက် ဖြေဆိုရာတွင် အောင်မြင်သူ ၇၃၈၀ဖြင့် ၂၁ ဒသမ ၁၉ ရာခိုင်နှုန်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၃၈၄၄၀ ဦး ဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်သူ ၆၅၉၈ ဖြင့် ၁၇ ဒသမ ၁၆ ရာခိုင်နှုန်း၊ ၂၀၁၇- ၁၈ ခုနှစ်တွင်   ၄၀၁၇၉ ဦး ဝင်ရောက်ဖြေဆိုရာတွင်  အောင်မြင်သူ ၈၆၂၀ ဦး ဖြင့်  ၂၁ ဒသမ ၄၅ ရာခိုင်နှုန်း၊ ၂၀၁၈-၁၉ ခုနှစ်တွင် ၄၂၄၁၆ ဦးဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်သူ ၁၀၁၆၅ ဦးဖြင့် ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၄၅၁၆၃ ဦးဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်သူ ၁၂၃၁၄ ဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၇ ဒသမ ၂၇ ထိတိုးတက်လာကာ ဂုဏ်ထူးရရှိသူများမှာလည်း ၁၇၂၇ ထိ တိုးတက် လာကြောင်းသိရသည်။

သတင်း - ကိုထွန်း

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)