ဗုဒ္ဓရတနာ ပရဟိတကျောင်းသို့ တစ်ခေါက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓရတနာ ပရဟိတကျောင်းသို့ တစ်ခေါက်









ဗုဒ္ဓရတနာပရဟိတကျောင်းဆရာတော် ဆောင်ရွက်ချက်တွေကို သိမြင်နေရတာတော့ ကြာပါပြီ။ ဆရာတော်ကလည်း စာရေးသူကို သိပါတယ်။ နေပြည်တော်ရောက်ဖြစ်တဲ့အခါ လာခဲ့ဖို့ ဖိတ်ခေါ်ထားတာလည်း ရှိပါတယ်။ နေပြည်တော်ကို ရောက်ဖြစ်ပေမယ့် ဆရာတော်ကျောင်းကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ 


၁၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲသွားရင်း ၂၇ ရက်နေ့ တပ်မတော်နေ့ပြီးမှ ပြန်လည်မယ်ဆိုပြီး နေပြည်တော်မှာ (၄)ရက် နေဖြစ်တဲ့အချိန်မှာ ဆရာတော်ကျောင်းကိုတော့ ရောက်အောင်သွားမယ်လို့ စိတ်ပိုင်းဖြတ်မိပါတယ်။ ၂၆-၃-၂၀၂၂ ရက်နေ့ကပေါ့။ နံနက်ပိုင်း USDP ဌာနချုပ်မှာ ပါတီနိုင်ငံရေးအစွန်းရောက်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပါတီဝင်တွေ၊ ပါတီကိုဝန်းရံသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူပွဲကို သွားရောက်သတင်းရယူပြီး ဆရာတော်ကျောင်းကို သွားခဲ့ပါတယ်။


ဆရာတော် ဆောင်ရွက်နေတာတွေကို လူမှုကွန်ရက်ကနေသာ မြင်တွေ့နေရတာဖြစ်ပြီး ဆရာတော်ကျောင်းကိုလည်း လယ်ဝေးမြို့နယ်ထဲမှာပဲလို့ ထင်မှတ်နေခဲ့တာပါ။ တခါမှ မရောက်ဖူးတဲ့အခါကြတော့ လယ်ဝေးက ဆရာတော်တပည့် မဇာတို့ဆီ သွားပြီး ဆရာတော်ကျောင်းကို လိုက်ခဲ့ပေးဖို့ သွားခေါ်ရပါတယ်။ မဇာနဲ့ အမတစ်ယောက် လိုက်လာကြပါတယ်။ ဆရာတော့်ရဲ့ တပည့်တွေကလည်း အလုပ်မအားကြလို့ ဆရာတော်ဆီ မရောက်တာတောင် ကြာပြီလို့ ပြောပါတယ်။ ကိုယ်ခေါ်မှပဲ သူတို့လည်း ရောက်ဖြစ်တော့မယ့် သဘောပေါ့။


ဆရာတော်ဆီ ဖုန်းဆက်ကြည့်တော့ ဆရာတော် သိမ်ထပ်ပွဲကို ကြွနေကြောင်း၊ ပြန်လာမည်ဖြစ်၍ စောင့်နေရန် မိန့်ပါတယ်။ ဆရာတော်ကျောင်းမှာ မဇာတို့နဲ့ စကားစမြည်ပြောရင်း နေပြည်တော်က ဆရာတော်ဦးပညာတို့ အကြောင်းတွေလည်း ပြောဖြစ်ကြပါတယ်။


ဆရာတော်ပြန်ကြွလာပြီး ကျောင်းရောက်မှ ဆွမ်းစားပါတယ်။ ဆရာတော်ရဲ့ ဒကာမတွေလည်း ရောက်နေလို့ ဆွမ်းစားရင်း စကားပြောကြ၊ ဆရာတော်ဆွမ်းဘုန်းပေးပြီးတဲ့အခါကြတော့ ကျွန်တော်တို့ ဧည့်သည်တွေကိုလည်း ထမင်းစားဖို့ ပြောတာနဲ့ ထမင်းစားကြပါတယ်။ အဲဒီနောက်မှာတော့ ဆရာတော်နဲ့ စကားစမြည် မေးမြန်းလျှောက်ထားဖြစ်ပါတယ်။


ဆရာတော်က သတင်းစာရှင်းလင်းပွဲမှာ ဘကကျောင်း ဆရာ/ ဆရာမတွေ လစာတိုးဖို့အတွက် မေးမြန်းခဲ့တာကိုလည်း အသိအမှတ်ပြု ပြောဆိုပါတယ်။ ဘကကျောင်းဆရာတော်များက ကျေးဇူးတင်နေကြောင်းနဲ့ အခု လစာတိုးနေပြီဆိုတဲ့ အကြောင်း မိန့်ကြားပါတယ်။


ဒီအချိန်ကတော့ မူလတန်း၊ အလယ်တန်းတွေ စာမေးပွဲပြီး ကျောင်းပိတ်ချိန်ဖြစ်လို့ ဆရာတော့်ကျောင်းမှာ ကျောင်းသားနည်းနေပါတယ်။ ၁၀တန်းတွေ စာမေးပွဲဖြေဖို့ လုံးပန်းနေကြရပါတယ်။ ဆရာတော်ရဲ့ ကျောင်းက ဘကကျောင်းသဘောမျိုး ဖွင့်လှစ်ထားခြင်းမဟုတ်ဘဲ ကျောင်းသား/ ကျောင်းသူတွေကို အစိုးရကျောင်းမှာပဲ ကျောင်းအပ်ပြီး ဆရာတော်က ကျောင်းမှာလည်း စာထပ်သင်ပေးတဲ့ သဘောဖြစ်ပါတယ်။ စာချုပ်စာတမ်းနဲ့ မွေးစားထားတဲ့ကလေးတွေ ရှိတယ်။ ကျောင်းတက်ချိန်မှ လာတဲ့ကလေးတွေ ရှိတယ်။ ဒီကာလမှ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် စာမေးပွဲဖြေဖို့ အခက်အခဲရှိနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျောင်းသား/ ကျောင်းသူတွေကို အရေးပေါ် သွားခေါ်ပြီး စားမေးပွဲဖြေနိုင်အောင် ကြိုးပမ်းပေးခဲ့ရတဲ့ အခြေအနေကိုလည်း ဆရာတော်က မိန့်ကြားပါတယ်။


အဲဒီကလေးတွေ သွားခေါ်ရတဲ့အခက်အခဲကို ဆရာတော်က "ဒီလို ဒကာရဲ့ ဒီကလေးတွေကို စာမေးပွဲဖြေဖို့ သွားခေါ်မယ်ဆိုရင် ကျောင်းမတက်ဘဲ ဆန့်ကျင်နေကြတဲ့သူတွေရဲ့ မိဘတွေက ဒီကျောင်းသားကလေးတွေရဲ့ မိဘတွေကို ရန်ရှာကြမယ်။ သူတို့လည်း ကျောင်းမတက်ဘူး။ ဒီကလေးတွေလည်း မတက်ရဘူးပေါ့ဗျာ။ အဲဒီလို အခြေအနေကြောင့် သွားခေါ်တာတောင် ခိုးကြောင့်ခိုးဝှက် ခေါ်ရတယ်။ သူတို့မိဘတွေ ရန်ရှာခံရမှာစိုးရိမ်ရတယ်လေ။ အဲဒါ ဒီကို ရောက်တော့လည်း စာမေးပွဲဖြေဖို့က နီးနေပြီဆိုတော့ လုပ်ရိုးလုပ်စဉ်အတိုင်း ကျောင်းကနေ မြို့နယ်၊ မြို့နယ် ကနေ ခရိုင် အဆင့်ဆင့်တင်ပြနေရင် စာမေးပွဲဖြေဖို့က မမီတော့ဘူး။ အဲဒါ ပညာရေးဝန်ကြီးဌာနကို စာတင်ပြီး ဒီကလေးတွေကို စာမေးပွဲဖြေခွင့်ပေးဖို့ အသနားခံ တင်ပြရတယ်။ လျောလျောရှူရှူး အဆင်ပြေသွားတယ်။ အစိုးရကျောင်းကိုလည်း သွားတက်ခိုင်းတယ်။ ဒီကျောင်းမှာလည်း သူများထက်ပိုပြီး စာလုပ်ခိုင်းတယ်။ အသည်းအသန် လုပ်ယူရတာ" လို့ မိန့်ကြားပါတယ်။


ဆရာတော်ရဲ့ ကျောင်းမှာ ဆရာ၊ ဆရာမတွေ တာဝန်ပေးထားပုံနဲ့ ပတ်သက်လို့လည်း ဆရာတော်က "ဆရာတော့်ကျောင်းမှာ ပညာဒါန သင်ပေးချင်လို့ လာကြတဲ့ ဆရာ၊ ဆရာမတွေ ရှိတယ်။ ဆရာတော်အနေနဲ့ကတော့ ဒီကလေးတွေနဲ့ စမ်းသပ်ခွင့် မပေးဘူး။ အထက်တန်းသင်မယ်ဆိုရင် အနည်းဆုံး အထက်တန်း သင်ကြားရေးအတွေ့အကြုံ ၅နှစ်အထက်ကိုမှ တာဝန်ပေးတယ်။ အထက်တန်း သင်တော့ သင်ဖူးတယ်။ ၂နှစ် ၃နှစ် လောက်ပေါ့နော်။ အဲဒါဆိုရင် အလယ်တန်းကိုပဲ သင်ခိုင်းတယ်။ ဆရာ၊ ဆရာမကိုတော့ မေးတာပေါ့။ အဲဒီလို သင်ပေးလို့ အဆင်ပြေမလားပေါ့။ ဆရာတော့်ဆီမှာ အားတဲ့အချိန်လေး လာသင်ပေးပါမယ်ဆိုလို့ မရဘူး။ တာဝန်ယူပြီးသွားရင် တာဝန်ချိန်အတိုင်းပဲ။ ဆရာ၊ ဆရာမတွေကို စုပြီး အစည်းအဝေးထိုင်တယ်။ ပုံမှန် ပေးနိုင်မယ့် အချိန်ကို ညှိတယ်။ ဘယ်နေ့ ဘယ်ဆရာ၊ ဆရာမက ဝင်ပေးနိုင်ပါတယ်။ အဒီအချိန်အတိုင်း အတိအကျ ဝင်ပေးရမယ်။ နည်းနည်းနောက်ကျသွားလို့ တခြားဆရာအချိန် ယူသင်လိုက်မယ်ဆိုလို့လည်း မရဘူး။ ဆရာ၊ ဆရာမ အင်းအားနဲ့ ကလေးတွေ အဆင်ပြေ၊ မပြေ ကလေးတွေကို မေးတယ်။ ကလေးတွေရဲ့ အားသာချက်၊ အားနည်ချက် ကိုကြတော့ ဆရာ၊ ဆရာမတွေကို မေးတယ်။ ကိုယ်က လိုအပ်တာကို ဖြည့်ပေးရတာပေါ့။" လို့ မိန့်ကြားပါတယ်။


ကလေးတွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆရာတော်စီစဉ်ဆောင်ရွက်ပေးနေတဲ့အခြေအနေကိုလည်း အခုလို ကြားသိရပါတယ်။ ဆရာတော်က "တချို့လည်း ကျောင်းပြီးလို့ မိဘရပ်ထံ ပြန်ကြတဲ့သူတွေ ရှိတယ်။ မပြန်ဘဲ နေတဲ့ ကလေးတွေလည်း ရှိတယ်။ မပြန်တဲ့ကလေးတွေဆိုရင် ဂျပန်စာ ဆက်တက်ခိုင်းတယ်။ သူနာပြုသင်တန်း တက်ခိုင်းတယ်။ အစိုးရ အသိအမှတ်ပြု သူနာပြုလက်မှတ် ရအောင် ယူခိုင်းတယ်။ အစိုးရတာဝန်ကိုလည်း ကျေပွန်အောင် ထမ်းဆောင်ရမယ်။ ပြီးတဲ့အခါမှာ နိုင်ငံရပ်ခြားထွက်ပြီး အလုပ် လုပ်မယ်ဆို အဆင်ပြေအောင် စီစဉ်ပေးထားတယ်။ ကိုယ်လုပ်ပေးနိုင်သလောက် သူတို့ရဲ့ အနာဂတ်အတွက်ပေါ့။ တချို့ဆို ဒီကနေပဲ အစိုးရဝန်ထမ်းအလုပ် ရသွားကြပြီ။ ဝန်ထမ်းအိမ်ယာမှာ အခန်းရထားတဲ့သူတွေလည်း ရှိတယ်။ အလုပ်ဆင်းရက်တော့ အိမ်ယာမှာ နေကြပေါ့။ အလုပ်နားရက် ကျောင်းလာပြီး ဝေယျာဝစ္စကူညီကြပေါ့။ လုပ်ငန်းသဘောလေးတွေလည်း သိသွားကြမယ်။ ဝန်ထမ်းလုပ်ပြီဆိုရင် နေ့စဉ်ထမင်းချိုင့်ထည့်ရမယ်။ ဝတ်စားဆင်ယင်တတ်ရမယ်။ အိမ်မှုကိစ္စသဘောလေးတွေ ပါလာပြီ။ ကျောင်းမှာတုန်းကတော့ ကျောင်းကချက်တဲ့ဟာ စားလိုက်ကြ။ လုပ်စရာ ရှိတာ လုပ်ကြပေါ့။ အဲဒီလိုလေးတွေလည်း သူတို့လေးတွေ အနာဂတ်အတွက် ဦးဇင်းကတော့ ဆက်သွယ်ဆောင်ရွက်လို့ ရသမျှ ချိတ်ဆက်ပြီး စီစဉ်ပေးပါတယ်။" လို့ မိန့်ကြားပါတယ်။


ဆရာတော် မိန့်ကြားလို့ စကားပြတ်သွားတဲ့အခါမှာ "တပည့်တော်က ပရဟိဆရာတော်တွေကို အံ့သြတယ် ဘုရား။ တပည့်တော်တို့မှာ သားကျွေးမှု၊ မယားကျွေးမှုအတွက် လုံးပမ်းနေကြရတာ။ တခြားသူအတွက် မလှည့်နိုင်ဘူး။ ဆရာတော်တို့မှာ ကလေးတွေအများကြီးအတွက်ကို တာဝန်ယူစောင့်ရှောက်ပေးနေရတယ်။" လို့ လျှောက်ထားမိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အကြမ်းဖက်ဘေးအန္တရာယ်သင့် ရွာသူရွာသားတွေရဲ့ အခြေအနေနဲ့ ဆက်စပ်လို့ ကန့်ဘလူမြို့က ဦးဝါသဝ ကူညီကယ်တင်ပေးနေရတဲ့ အခြေအနေကိုလည်း ဆရာတော်ထံ လျှောက်ထားဖြစ်ပါတယ်။ ဆရာတော်က "အေးကွာ ငါလည်း ခေါ်ချင်တယ်။ ကယ်လို့ ရသလောက်ပေါ့ကွာ။ နောက်မှာ ကျောင်းဆောင်တစ်ခု ထပ်ဆောက်နေတယ်။ ရည်ရွယ်ချက်ကတော့ အဲဒီဘက်က ကလေးတွေ လာချင်တဲ့သူရှိရင် ထားလို့ရအောင် ကြိုတင်စီစဉ်ထားတာ။ ချိတ်ဆက်စမ်းကွာ။ သွားခေါ်ရမယ်ဆိုရင်လည်း ဆက်သွယ်ပြီး အန္တရာယ်ကင်းတဲ့အချိန် သွားခေါ်ကြမယ်။" လို့ မိန့်ကြားပါတယ်။


ပရဟိတ ဆရာတော်တွေကို လေးစားတန်ဖိုးထားရခြင်းအကြောင်းကတော့ နယ်စွန်နယ်ဖျားက ပညာသင်ကြားဖို့ အခက်အခဲ ရှိနေတဲ့ ကလေးငယ်တွေ၊ မိသားစု အဆင်မပြေလို့ ပညာတစ်ပိုင်းတစ်စနဲ့ လမ်းပေါ်ရောက်မယ့် ကလေးငယ်တွေ အားလုံးကို ကျောသားရင်သား မခွဲခြားဘဲ ကျွေးမွေးစောင့်ရှောက်ပြီး ပညာလည်းသင်ပေးတယ်။ အနာဂတ်ကောင်းဖို့အတွက်လည်း သင့်လျော်တဲ့ လမ်းကြောင်းပေါ် အရောက်တင်ပေးတယ်။ မိမိတို့ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်ကြောင့် ရရှိတဲ့ ဒကာ၊ ဒကာမတွေရဲ့ လှူဒါန်းထောက်ပံ့မှုတွေကို အများအကျိုးအတွက် မှန်ကန်စွာ အသုံးချနေကြခြင်းပဲ ဖြစ်ပါတယ်။

 

ဒီလိုဆရာတော်တွေ ရှိနေလို့သာ လူသားအရင်းအမြစ်တွေ မဆုံးရှုံးဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် သားကောင်းရတနာတွေ ပေါ်ထွက်နေတာဖြစ်ပါတယ်။ စိတ်ကသာ ရောက်ပြီး တခါမှ နဖူးတွေ့ ဒူးတွေ့ မဖူးတွေ့ရသေးတဲ့ ဗုဒ္ဓရတနာ ပရဟိတ ပညာဒါနကျောင်းကို ရောက်ဖြစ်ခဲ့ပါပြီ။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းမှာ တည်ရှိပါတယ်။ ဗုဒ္ဓရတနာ ပရဟိတ ပညာဒါနကျောင်းရဲ့ ဦးစီးပဓာန နာယက ဆရာတော်အပါအဝင် ပရဟိတဆရာတော်များရဲ့ ဆောင်ရွက်ချက်များကို အကြိမ်ကြိမ် ဦးညွှတ်မိပါတယ်။


အပြန်လမ်းမှာ ဆရာတော်ရဲ့ တပည့်တွေက ဒီပရဟိကျောင်းဖြစ်ဖို့ ဆရာတော်အခက်အခဲတွေကြားထဲက ကြိုးစားခဲ့ရပုံကိုလည်း ပြောပြကြလို့ သိရပါတယ်။ မပြည့်စုံတဲ့ တိုင်းရင်းသားကလေးငယ်တွေကို ပညာသင်ကြားပေးနိုင်ဖို့ ဝေးလံခေါင်သီတဲ့ အရပ်ကို သွားခေါ်ပြီး စတင်ခဲ့ပုံတွေကို သိရှိတော့ ပိုပြီးတော့တောင် ကြည်ညိုလေးစား မိပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)