ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပုသိမ်တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှုးများနှင့် တွေ့ဆုံပြီး အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပုသိမ်တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှုးများနှင့် တွေ့ဆုံပြီး အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး


MNP ၊ မတ်လ ၉ 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့ညနေပိုင်းတွင် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပုသိမ်တက္ကသိုလ် စာကြည့်တိုက်နှင့် ဘာသာရပ်ဌာန (၁၅)ခု၏ စာကြည့်တိုက်များအတွက် ဘာသာရပ်ရည်ညွှန်းစာအုပ်များ ဖြည့်ဆည်းရန် လိုအပ်သောရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ရေသန့်စက်တစ်လုံးစီ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ သုတေသနနှင့်စပ်လျဉ်း၍ သုတေသနသည် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့်အတွက် သုတေသန ဆောင်ရွက်ရေး၊ သင်ကြားရေး၊ အရည်အချင်းမြှင့်တင်ရေးအတွက် လိုအပ်သည့် စာအုပ်စာတမ်းများ ဖြည့်ဆည်းပေးခြင်း၊ ပုသိမ်တက္ကသိုလ်ဝင်းအတွင်း အင်တာနက်ဝိုင်ဖိုင် ပြည့်စုံရန် ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအိမ်ရာ လိုအပ်ချက်များကိုလည်း လိုအပ်ပါက ထပ်မံတင်ပြကြစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာ ဆရာမများ အနေဖြင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရေး ဆွေးနွေးပြောကြားပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဝင်းထွန်းက သက်ဆိုင်ရာ ပညာတော်သင်များ သွားရောက်ရာတွင် စည်းမျဉ်း စည်းကမ်းများကို သိရှိနားလည်ရန်လိုအပ်ပြီး စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပါမောက္ခဌာနမှူးများက ဘာသာရပ်ဌာနတစ်ခုချင်းအလိုက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ပြောကြားသည်။ 

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ဆားမလောက်)၊ အင်းမစံပြကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းများကို လှည့်လည်ကြည့်ရှုပြီး လူသွားစင်္ကြံလမ်းနှင့် အမိုးများပြင်ဆင်ခြင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ စာသင်ခန်းများ ဆေးသုတ်ပြန်လည် မွမ်းမံခြင်း၊ စာသင်ခန်းမျက်နှာကျက်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သိပ္ပံခန်းနှင့် စာကြည့်တိုက် ဆောက်လုပ်ခြင်း၊ ကာယဆရာ လိုအပ်ချက်နှင့် ကွန်ပျူတာ လိုအပ်ချက် ဖြည့်ဆည်းပေးခြင်း၊ ရေသန့်စက်နှင့် ရေစက်များ အသစ်တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)