မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ရေနံချောင်းမြို့နယ် ကံကြီး-ရုံးကုန်းကျေးရွာ တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိုလာရေပေးဝေရေး လုပ်ငန်းဖွင့်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ရေနံချောင်းမြို့နယ် ကံကြီး-ရုံးကုန်းကျေးရွာ တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိုလာရေပေးဝေရေး လုပ်ငန်းဖွင့်ပွဲသို့ တက်ရောက်

 





MNP - မတ်    ၂၅

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေနံချောင်းမြို့နယ် ကံကြီး-ရုံးကုန်းကျေးရွာရှိ ချည်မျှင်ရှည်ဝါနှင့် နေကြာစိုက်ခင်းဇုန်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသည့်အတွက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါဇုန်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကို၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်နှင့် စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးယဉ်ထွန်းတို့က နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လဘတ်ဂျက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ၅၃.၉၅ ကျပ်သန်းဖြင့်ဆောင်ရွက်သည့် ၆ လက်မ GI(၇၀၀)ပေ စက်ရေတွင်းတူးခြင်းလုပ်ငန်း၊ 10.08 KW ဆိုလာစနစ်နှင့် 7.5 HP ဆိုလာပန့် တပ်ဆင်ခြင်းလုပ်ငန်း၊ ၂၄၀၀ ဆံ့စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်က ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် တောင်သူများနှင့် တွေ့ဆုံသည့် အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက မိုးနည်းရပ်ဝန်း ဒေသဖြစ်ပြီး အပူပိုင်းဇုန်ကျ ရောက်တဲ့အတွက် သောက်သုံးရေဖူလုံရေးအပြင် စိုက်ပျိုးရေ ရရှိရေးကိုလည်း မဖြစ်မနေ ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံတော်ရဲ့ ဆီအိုးကြီးလို့ခေါ်တဲ့ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးမှ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ပြီး တောင်သူတွေရဲ့ လူမှုစီးပွားဘဝတွေ တိုးတက်စေဖို့ကိုလည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဉီးဆောင်မှုဖြင့် ယခုဖွင့်လှစ်တဲ့ ရေနံချောင်းမြို့နယ် ကံကြီး-ရုံးကုန်းကျေးရွာ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းမှ ကျေးရွာတောင်သူတွေရဲ့ ချည်မျှင်ရှည်ဝါနဲ့ နေကြာစိုက်ဧက ၂၀ အတွက် သီးနှံများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ မူဝါဒဖြစ်တဲ့ စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်း၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ပေး သွားမည်ဖြစ်သည့်အတွက် တောင်သူဦးကြီးများ အနေနဲ့ ပူးပေါင်းပါဝင် ကြိုးစားဆောင်ရွက် ပေးကြစေလိုကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသည်။

ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုလာ ရေပေးရေး လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆက်လက်ဆောင်ရွက်မည့် ချည်မျှင်ရှည်ဝါ၊ နေကြာ အထူးဇုံစိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြသည်။

ထို့နောက် တက်ရောက်လာသည့် တောင်သူများအား ဆင်းရွှေကြာ-၂၊ ရေဆင်းစပ်မျိုးနေကြာနှင့် ရွှေတောင်(၈)ဝါမျိုးစေ့များကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကပေးအပ်ရာ တောင်သူများက လက်ခံရယူပြီး တောင်သူများက ယခုလို ဆိုလာရေပေးရေး လုပ်ငန်းဆောင်ရွက်ပေးသည့်အတွက် အထူးပင်ဝမ်းမြောက် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကံကြီးကျေးရွာအုပ်စု၊ ရုံးကုန်းကျေးရွာအုပ်စုနှင့် အနီးရှိကျေးရွာများမှ ဒေသခံတောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)